
ဩဂုတ်၁၁၊စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီကို စစ်ကောင်စီနဲ့ ပူးပေါင်းမှုရပ်တန့်ဖို့အတွက် NUG ရဲ့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၁၀ ရက်နေ့မှာ သဘောထားကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။
မြန်မာဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်တွေကို လက်ခံပြီး အခြေစိုက်စခန်းချခွင့်ပြုထားတာ ၊ ကုမ္မဏီပိုင်ကားဖြင့် အကြိုအပို့ဆောင်ရွက်ပေးတာနဲ့ စားနပ်ရိက္ခာစီစဉ်ပေးမှုတွေကို ပြုလုပ်နေပြီး စစ်ရာဇဝတ်မှု အားပေးအားမြောက်ပြုလုပ်နေတာလို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဆိုထားပါတယ်။
ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာ အခြေချခွင့်ပေးထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ရွာပေါင်း ၁၃ ရွာ က အိမ်ခြေပေါင်း ၄၄၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသလို အရပ်သား ၁၇ ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ မြို့နယ် ပအဖ အဖွဲ့က ပြောဆိုထားပါတယ်။
စစ်ကောင်စီနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုကို ကန့်ကွက်ရှုံ့ချပြီး ဆက်လက်ပူးပေါင်းနေမယ်ဆိုရင် အဆင့်ဆင့်အရေးယူမှုတွေပြုလုပ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စီမံကိန်းအတွက် ဝက်မှေးကံတောရွာဟောင်းက အရပ်သားနေအိမ် ၃၅ လုံးနဲ့အတူ ဘိုးဘွားပိုင်မြေတွကို သိမ်းယူခဲ့ပြီး ခြံစည်းရိုးခတ်မှုတွေရှိခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ရပ်တန့်ထားခဲ့ပြီး မြန်မာဝန်းထမ်းတချို့ကသာ စက်ရုံထိန်းသိမ်းရေးလုပ်ငန်းကိုသာ လုပ်ကိုင််နေကြောင်း ၂၀၂၂ ခုနှစ် ကုမ္ပဏီကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ပြီးနောက် ကြေညာချက်တစ်ခု ကုမ္ပဏီဘက်က ထုတ်ပြန်ထားပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက်ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရရှိမှာဖြစ်ကြောင်းသိရပါတယ်။