
ဩဂုတ် ၂၇ ၊ နေပြည်တော်
နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဘွဲ့ရသူတွေဖြစ်ရမယ်လို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့သိရပါတယ်။
လာမယ့် ဒီဇင်ဘာလမှာ စတင်ကျင်းပမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းမှုတွေကို ပြုလုပ်လို့ရနေပြီး အနိမ့်ဆုံးအခြေခံပညာအထက်တန်းအဆင့် အဖြစ်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ကိုယ်စားလှယ်လောင်းနာမည်စာရင်းကို ဩဂုတ် ၂၀ ရက်ကနေ စက်တင်ဘာ ၈ ရက်အတွင်း တင်သွင်းဖို့ ကြေညာထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က နောက်ဖြစ်လာမယ့်ရွေးကောက်ပွဲတွေမှာတော့ ကိုယ်စားလှယ်လောင်းတွေဟာ အစိုးရအသိအမှတ်ပြုတဲ့ တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ရထားသူဖြစ်ရမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေက ကြိုတင်ပြင်ဆင်ထားဖို့အတွက် ပြောဆိုတာလို့ သိရပါတယ်။
ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ကို အသုံးပြုသွားမှာဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက်တော့ ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ် (PR) ကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ရှမ်းနီနိုင်ငံရေးပါတီတွေဖြစ်တဲ့ TNDP ကျားနီပါတီ နဲ့ SSP ပါတီ (ကျားမင်းပါတီ) တို့က ကိုယ်စားလှယ်လောင်းတွေအတွက် အခုအစည်းအဝေးပွဲပြီးမှ ကိုယ်စားလှယ်တင်သွင်းမှုအခြေအနေတွေကို ပြောဆိုနိုင်မှာဖြစ်တဲ့အကြောင်း ရှမ်းနီအသံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲကာလအတွင်းဖြစ်တဲ့ စည်းရုံးရေးလုပ်ငန်းများ ကွင်းဆင်းလုပ််ဆောင်နိုင်ဖို့ လုံခြုံရေးမှာစိုးရိမ်ဖွယ်ရာများတော့ရှိနေတယ်လို့ ရှမ်းနီနိုင်ငံရေးပါတီဝင်များက ဆိုကြပါတယ်။
