


ဇွန် ၂ ၊ လားရှိူး
ရှမ်းပြည်မြောက်ပိုင်း လားရှိူးမြို့နယ် ဟန်နားကျေးရွာအုပ်စု နားလိုင်ရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ကိုးကန့်တပ် MNDAA တို့ ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မနေ့က ဇွန်လ ၁ ရက်နေ့ နေ့လည်ပိုင်းမှာ နားလိုင်ကျေးရွာအနောက်ဘက် ရွာအထွက်မှာ SSPP/SSAရဲ့ စစ်ကြောင်းကို MNDAA တပ်မ ၆၁၁ ရဲ့ တပ်သားတွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ တစ်နာရီခွဲကျော်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ကိုးကန့်တပ် MNDAA ဘက်က တပ်သား ၈ ဦးသေဆုံးခဲ့ပြီး တိုက်ပွဲတွေဟာလည်း ဟန်နားကျေးရွာအထိ ဆက်လက်ဖြစ်ပွားနေဆဲလို့ ဒေသခံတစ်ဦးရဲ့ ပြောဆိုမှုကို ကိုးကားပြီး SSPP info က ထုတ်ပြန်ထားပါတယ်။
ကိုးကန့်တပ်ဘက်ကတော့ တိုက်ပွဲဖြစ်ပွားမှုကိုတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပါဘူး။
လားရှိူးမြို့ကို ကိုးကန့်တပ်တွေ စစ်ကောင်စီထံပြန်အပ်ရပြီးတဲ့နောက် မြို့နယ်အတွင်းက ကျေးရွာတွေဆီကို ကိုးကန့်တပ်တွေဖြန့်ကျက်လှုပ်ရှားလာခဲ့တာဖြစ်တယ်လို့ လားရှိုးမြို့ဒေသခံတစ်ဦးကပြောဆိုပါတယ်။
တိုက်ပွဲကြောင့် နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာဒေသခံတွေလည်း ချက်ခြင်း စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။
SSPP/SSA နဲ့ ကိုးကန့်တပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလမှာလည်း သီပေါမြို့နယ်၊ လားရှိူးမြို့နယ် အတွင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်မြေအငြင်းပွားမှုတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
