မတ် ၁၉ ၊ လုံးခင်း
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက် ကားကြီးကွင်းအနီးမှာ မတ်လ(၁၈)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် ရဲယာဉ်တန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် ရဲတပ်သား (၃)ဦးသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက မှလက်နက်ကြီးတွေ ကျေးရွာအတွင်းသို့ ပစ်ခတ်ကျရောက်မှုကြောင့် ကျေးရွာနေပြည်သူ(၆)ဦးလည်း သေဆုံးခဲ့တာအပြင် ပြည်သူ(၅)ဦးလည်း ဒဏ်ရာများပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။
“ ပြည်သူ(၆)ဦးသေတယ် ပြည်သူ(၆)ဦးက ကျား (၄)ဦး မ (၁)ဦး ကလေး (၁)ဦး နောက်ပြီးတော့ ပြည်သူက ဒဏ်ရာရတာ (၅)ဦးရှိတယ် အဲ့ဒီ(၅)ဦးထဲမှာလည်း ကလေးတစ်ဦးပါတယ် အေ့ဒီကလေးက လက်နက်ကြီးမှန်သလား သေနတ်မှန်သလားတော့မသိဘူး ဘယ်ဘက်လက်ကဖြတ်ရမယ် လက်မောင်းရင်းအရှည် သုံးလက်မအကွာလောက်ကနေ ကလေးကဖြတ်ချရမှာ သူကပြတ်လုပြတ်စဲဖြစ်သွားတာပေါ့’ ဟု ဖြစ်စဉ်ကို အနီးကပ်သိသူတစ်ဦးက ပြောပြပါတယ်။
သေဆုံးသွားတဲ့ ဒေသခံတွေရဲ့လက်ကိုင်ဖုန်းအပါအဝင် တိုက်ခိုက်ခံရမှုဖြစ်ပွားသော နေရာအနီး နေအိမ်ရှိပြည်သူများ၏ လက်ကိုင်ဖုန်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်ထိန်းသိမ်းသွားသည်ဟုလည်း ဆိုကြပါတယ်။
“ ဆိုင်ကယ်တွေနဲ့ လာပစ်ပြီးပြေးတာဖြစ်မယ်။ ဒီဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်ပစ်တာ အဲ့တာပြန်ပစ်တော့ လူသေသွားတယ်ပြောတယ်။ သူတို့ လာတဲ့ဘက်ကို လှမ်းပစ်တာဖြစ်မယ်ပါ့အေး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လက််နက်ကြီးကျည်တွေကြောင့် ဒေသခံတွေ မကြာခဏထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။