လုံးခင်းကျေးရွာအနီးမှာ လက်လုပ်ကျင်းနဲ့ရေမဆေးရှာဖွေသူ အမျိုးသား(၂)ဦး မြေစာပိသေဆုံး

ဇူလိုင် ၂၁ ၊ ဖားကန့် 

 ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု တောင်ယာကုန်းကျေးရွာမှာ ယနေ့ ဇူလိုင်(၂၁)ရက် မနက်ပိုင်း(၈)ခွဲဝန်းကျင်အချိန်တွင် လက်လုပ်ကျင်းနဲ့ ရေမဆေးကျောက်ရှာဖွေသူ အမျိုးသား(၂)ဦး မြေစာပိသေဆုံးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

” တင်အောင်ကြိုင်လုပ်ကွက်မှာဖြစ်တာ အေ့နေရာက အောက်မှာနေထားတာ အပေါ်ကနေမိုးရွာလို့မြေစာပြိုကျတာ အမှန်ဆိုသေမယ့်သူကအများကြီး  မိုးရွာနေတော့တစ်ချို့က ကျင်းမတူးကြဘူး မတူးတဲ့သူများသွားလို့သာ နှစ်ယောက်ထဲပဲသေတာ နို့မို့ဆိုသေကြမှာ”  ဟု ဖြစ်စဉ်ကိုသိရှိသူ လုံးခင်းကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

သေဆုံးသူနှစ်ဦးက လုံးခင်းအုပ်စုအတွင်းသာရှိတဲ့ မလောင်ကျေးရွာမှာ နေအိမ်ကို ငှားရမ်းနေထိုင်ကြသူတွေဖြစ်ပြီး ကိုမင်းဇော်(၄၂)နှစ်နဲ့ ကိုလင်းခန့်သူ(၁၉)နှစ်တို့ဖြစ်ကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ မိုးရွာသွန်းမှုကြောင့်  ပေ(၂၀၀)နီးပါးအမြင့်ရှိတဲ့ မြေစာပုံနံရံကနေ အောက်သို့ပြုတ်ကျကာ မြေစာများဖုံးပိသေဆုံးခဲ့ကြတာဖြစ်ပြီး ၎င်းတို့နှစ်ဦးရဲ့အလောင်းများကို နီးစပ်ရာ ရေမဆေးသမားများနဲ့ကျေးရွာသားများက ဝိုင်းဝန်းရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ကြောင်း ဆိုပါတယ်။ 

 အဆိုပါလက်လုပ်ကျင်းရဲ့ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်ဟောင်းက ပြီးခဲ့တဲ့ ၂၀၂၄နှစ်ကုန်ပိုင်းမှာ ရေမဆေးသမား(၂၀)ဦးထက်မနည်း ပျောက်ဆုံးခဲ့တဲ့ တင်အောင်ကြိုင်ကုမ္ပဏီပိုင် လုပ်ကွက်ဟောင်းတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *