လူ့အခွင့်အရေးကော်မရှင်အသစ်ဖွဲ့စည်းဖို့အရပ်ဘက်အဖွဲ့တွေက  NUG ကိုတောင်းဆို 

ဩဂုတ် ၈ ၊

ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လူ့အခွင့်အရေးကော်မရှင်အသစ်တစ်ခု ဖွဲ့စည်းဖို့အတွက် NUG ကို အရပ်ဘက်အဖွဲ့အစည်း  ၃၂ ခုက ဩဂုတ်လ ၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ 

ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ (၃၄)နှစ်မြောက်နေ့မှာ  နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့အညီ လူ့အခွင့်အရေးတွေကို  လေးစားလိုက်နာကာကွယ်ပေးတဲ့ လူ့အခွင့်အရေးကော်မရှင်အသစ်တစ်ရပ်  ပေါ်ပေါက်ဖို့ ဒီလိုအရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ် အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်လက်ထပ်ကတည်းက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပေမယ့်  လေးစားလိုက်နာရမယ့် ပါရီအခြေခံမူတွေကို ချိုးဖောက်တဲ့အပြင် နဲ့ သီးခြားလွတ်လပ်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း MNHRC အနေနဲ့ ကန့်ကွက်ရှုံ့ချမှုတွေမလုပ်ခဲ့သည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုယ်တိုင်ကျူးလွန်နေကြတယ်လို့ဆိုပါတယ်။ 

MNHRC ကိုပြန်အစားထိုးဖို့အတွက် လက်ရှိမှာအရေးတကြီးလိုအပ်နေပြီး အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းအား ရေးဆွဲပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ NUG NUCC တို့ကို တင်ပြထားပြီးလည်းဖြစ်တယ်လို့ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း   ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် (Union Human Rights Commission) ပေါ်ပေါက်လာစေရန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *