လျှပ်စစ်အတွက် ဧရာဝတီမြစ်အတွင်း အနိမ့်တမံများတည်ဆောက်မည် 

ဇန်နဝါရီ ၈ ၊ မြစ်ကြီးနား 

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ဧရာဝတီမြစ်အတွင်း အနိမ့်တမံ ၁၆ ခုတည်ဆောက်သွားဖို့ရှိနေပြီး ဦးစားပေးလုပ်ဆောင်မယ့်နေရာ ၄ ခုရှိတယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်က ထုတ်ပြောလာပါတယ်။ 

ဧရာဝတီမြစ်အတွင်းတည်ဆောက်ဖို့ ဦးစားပေး ၄ နေရာထဲက အသင့်လျော်ဆုံးတစ်နေရာကို အကျိုးအပြစ်တွေနဲ့အတူ စစ်ကောင်စီဥက္ကဌထံ တင်ပြပြီး အမြန်ဆုံးအကောင်အထည်ဖော်သွားမယ်လို့ ကော်မရှင်ဥက္ကဌက ပြောပါတယ်။ 

တွေ့ရှိထားတဲ့ နေရာ ၄ ခုနဲ့ အလျင်အမြန်တည်ဆောက်နိုင်မယ့် တစ်နေရာအကြောင်းကိုတော့ ထုတ်ပြောခြင်းမရှိသေးပါဘူး။ 

ဧရာဝတီမြစ်စတင်တဲ့ မြစ်ဆုံအနီးနားတဝိုက်မှစပြီး ရွှေကူမြို့နယ်အထိ မြစ်အတွင်း ရွှေတူးဖော်မှုတွေကို ၂၀၂၁ ခုနှစ်ကစပြီး တွင်တွင်ကျယ်ကျယ်ပြုလုပ်နေဆဲဖြစ်ကာ မြစ်ပျက်စီးလာနေတယ်လို့ သဘာဝပတ်ဝန်းကျင်အကြောင်းလေ့လာသူတွေက ထောက်ပြနေကြပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြီးမားနေပြီး  ထုတ်လုပ်နိုင်မှုရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြေညာထားပါတယ်။ 

လျှပ်စစ်ဓာတ်အားမလုံလောက်မှုတွေကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေး စတဲ့တိုင်းတွေမှာလည်း အလှည့်ကျ မီးပေးစနစ်နဲ့ လုပ်ဆောင်နေကြရတာဖြစ်ပါတယ်။ 

တစ်ရက်လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ပမာဏရဲ့ တစ်ဝက်ဖြစ်တဲ့ မီဂါဝပ်  ၂၂၀၀ ကိုသာထုတ်လုပ်နေပြီး ရန်ကုန်တိုင်းအတွက် ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းအတွက် ၁၇ ရာခိုင်နှုန်း ၊ ကျန်တိုင်းနဲ့ပြည်နယ် အတွက် ၃၅ ရာခိုင်နှုန်း ခွဲတမ်းချပြီး ဓာတ်အားဖြန့်ဖြူးပေးနေရတယ်လို့ ကြေညာပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ကျလာတာဟာ သဘာဝဓာတ်ငွေ့သုံးစက်ရုံတွေကောင်းကောင်းမွန်မွန် လည်ပတ်နိုင်ခြင်းမရှိတော့သလို ၊ PDF တပ်ဖွဲ့တွေရဲ့ ဓာတ်အားလိုင်းကြိုးများ  ဖျက်ဆီးမှုတွေကြောင့်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

အခု လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်တင်းနိုင်မယ့် သဘာဝဓာတ်ငွေ့ရည် LNG သုံး ဓာတ် အားပေးစက်ရုံတွေကိုလည်း အလျင်အမြန်လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *