ဇန်နဝါရီ ၆ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ်ရှိ လွိုင်စန့်လုံ (ခေါ်) ဇလုံတောင် ဘုရားဖူး တောင်တက်ကားလိုင်းတွေကို ဒီနေ့ ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသခံများနှင့် ယာဉ်လိုင်းတွေထံကနေ စုံစမ်းသိရှိရပါတယ်။
“ တောင်ပေါ်ကိုတက်လို့ရပြီဗျ။ ဒီနေ့ပဲ ဖွင့်ပွဲလုပ်လိုက်တယ်။ ဖွင့်ပွဲအခမ်းနားနေရာကတော့ ဗန်းမောက်မြို့တော်ခန်းမမှာပဲလုပ်လိုက်တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
၂၀၂၂ ခုနှစ်ကတည်းက တိုက်ပွဲတွေကြောင့် လွိုင်စန့်လုံတောင်ပေါ်တက်တဲ့ ကားလိုင်းတွေပိတ်ထားခဲ့ရတာဟာ ၂၀၂၄ ခုနှစ်ကုန်အထိ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် တောင်တက်ကားတွေ ရပ်နားခဲ့ရပေမယ့် ကိုယ်ပိုင်ကားတွေနဲ့ တက်ရောက်သူအနည်းအကျဉ်းရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ဗန်းမောက်မြို့ကနေ ဘုရားတောင်ပေါ်ကိုတက်မယ့် ကားဂိတ်ဖွင့်ပွဲကို ဇလုံတောင်ဘုရားကြီး ဩဝါဒါစရိယအဖွဲ့၊ နာယကအဖွဲ့နဲ့ ဂေါပကအဖွဲ့ ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပြုလုပ်ခဲ့ကြတာလို့ဆိုပါတယ်။
ဇလုံတောင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက လည်ပတ်စရာ အထင်ကရ နေရာတွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီး အရပ်သားအစိုးရလက်ထပ်မှာ ခရီးသွားလုပ်ငန်းဖော်ဆောင်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။