မတ် ၁၅ ၊ ရန်ကုန်
NLD အစိုးရလက်ထပ်က သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် (၁၂)နှစ်ချမှတ်လိုက်ကြောင်း မနေ့က စစ်ကောင်စီ အဂတိလိုက်စားမှုကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
ဝန်ကြီးသူရဦးအောင်ကိုက နိုင်ငံတော်သာသနာ့နုဂ္ဂဟဘွဲ့ချီးမြှင့်တဲ့ကိစ္စမှာ သက်ဆိုင်ရာလူတွေဆီကနေ ငွေကြေးနဲ့ ပစ္စည်းတွေကို လက်ခံခဲ့တယ်ဆိုပြီး စစ်ကောင်စီဆိုပါတယ်။
စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုကော်မရှင် စုံစမ်းစစ်ဆေးတဲ့စာမှာ နိုင်ငံတော် ကနေ လူပုဂ္ဂိုလ်တွေဆီကိုပေးအပ်တဲ့ သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ်(၈)မျိုးချီးမြှင့်ရာမှာ ငွေသားသိန်းတစ်ရာ နဲ့ ဘဏ့်ချက်လက်မှတ် သိန်းသုံးရာတစ်စောင်လက်ခံခြင်း နဲ့ လုပ်ငန်းရှင်တစ်ဦးက လုပ်ငန်းတွေရေရှည်အဆင်ပြေစေဖို့ပေးအပ်တဲ့ ဖို့စ်ကားတစ်စီးလက်ခံမှုအပြင် ရွှေနှစ်ဆယ်ကျပ်သားရှိတဲ့ ပန်းကန်တစ်ချက်ကို ကျသင့်ငွေမပေးပဲလက်ခံခြင်းတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် NLD အစိုးရလက်ထပ်က ဝန်ကြီးအားလုံးနီးပါးကို အဂတိလိုက်စားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ ဖမ်းဆီးတရားစွဲဆိုထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်ကောင်စီက အဂတိလိုက်စားမှု ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားပါတယ်။