သီပေါမြို့အဝင်မုခ်ဦးပြောင်းလဲမှုအပါအဝင် ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ်များအတွက် TNLA ကို SSJAC ရူတ်ချ

ဖေဖော်ဝါရီ ၁၁ ၊ သီပေါ 

ရှမ်းပြည်နယ်မြောက်ပိုင်း ၊သီပေါမြို့က မြို့အဝင်မုခ်ဦးပြောင်းလဲမှုအပါအဝင် တအာင်း(ပလောင်)လွှတ်မြောက်ရေး တပ်မတော်(TNLA)တပ်ဖွဲ့များရဲ့ ဒီမိုကရေစီမဆန်တဲ့လုပ်ရပ်အားလုံးကို ကန့်ကွက်ရူတ်ချကြောင်း  ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)က ထုတ်ပြန်လာပါတယ်။

မကြာသေးမီ ယခုဖေဖော်ဝါရီလ (၇)ရက်နေ့မှစကာ ရှမ်းပြည်ကိုယ်စားပြုအမှတ်သသရုပ် ပုံဖော်ရေးဆွဲထားတဲ့ သီပေါမြို့အဝင်မုခ်ဦးတွင် ပလောင်တိုင်းရင်းသားအမှတ်သရုပ်ဖြင့် TNLA က ပြောင်းလဲပုံဖော်ရေးဆွဲခဲ့ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တွေကလည်း ကွတ်ခိုင်မြို့နယ်၊မိုင်းယုဒေသနဲ့  နမ္မတူမြို့နယ် မိုင်းရင်ဒေသတို့မှာလည်း ယခုကဲ့သို့ တူညီကိစ္စရပ်များအားပြုလုပ်ခဲ့ဖူးပြီး ဒါတွေဟာ ဒီမိုကရေစီလုံးဝမဆန်သလို အဖွဲ့အစည်းကောင်းစားရေးနဲ့တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်နေတာ ပေါ်လွင်နေကြောင်း ကန့်ကွက်ပြောဆိုထားပါတယ်။ 

TNLA တပ်ဖွဲ့များဟာ ၂၀၂၃ ခုနှစ် သြဂုတ်လ(၇)ရက်နေ့တွင်လည်း မူဆယ်မြို့နယ်၊စယ်လန့်ကျေးရွာရှိ  စဝ်ဆေခန်ဖ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခဲ့ပါသေးတယ်။  

ဒီလိုလုပ်ရပ်တွေဟာ တိုင်းရင်းသားလူမျိုးအချင်းချင်း ငြိမ်ချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဆန့်ကျင်နေသလို ဒေသခံများရဲ့ သဘောထားများကို ဂရုမစိုက်ခြင်းအပြင် တော်လှန်ရေးဦးတည်ချက်များလည်း လွဲမှားနေပြီဖြစ်ကြောင်း ထောက်ပြပြောဆိုထားပါတယ်။ 

TNLA တပ်ဖွဲ့များဘက်ကတော့ ယခုလိုပြုလုပ်ရသော ကိစ္စရပ်များနဲ့ပတ်သက်ပြီး အကြောင်းတစ်စုံတစ်ရာပြန်လည်တုံ့ပြန်ထားခြင်းမရှိသေးပါဘူး။

သီပေါမြို့ကို TNLA က ၂၀၂၄ အောက်တိုဘာလတွင် စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *