
ဧပြီ၂၀၊ဟိုပင်
မိုးညှင်းမြို့နယ် ဟိုပင်မြို့စည်ပင်သာယာရုံးအတွင်းကို ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခံရမှုကြောင့် ရုံးအမိုးပေါက်ထွက်ပျက်စီးခဲ့ပြီး အနီးနားပတ်ဝန်းကျင်ရှိ ဒေသခံနှစ်ဦးလည်း သတိမေ့မျောသွားခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဧပြီလ ၁၈ ရက်နေ့ မွန်းတည့်ချိန်မှာ ပစ်ခတ်တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။
“ အသံလို့ပြောတယ်၊ အမိုးတော့ပေါက်သွားတယ်။ Drop ဗုံးလို့ပြောတာ။ တစ်နေ့က အချိန်က ၁၂ နာရီဝန်းကျင်လောက်မှာဖြစ်တယ်ထင်တယ် ။ ဘာမှမထိဘူး လူတွေက ဒါပေမယ့် ရှော့နှစ်ယောက်ရသွားတယ်တဲ့ သူတို့အသံကြောင့် နှစ်ယောက်က မေ့သွားတယ်ပြောတယ်” ဟိုပင်မြို့မိမြို့ဖတစ်ဦး ပြောပြပါတယ်။
သတိမေ့မျောသွားသူနှစ်ဦးက စည်ပင်သာယာရုံးအနီးက ဒေသခံတွေဖြစ်ပြီး ဗုံးရဲ့အသံကြောင့် သတိမေ့မျောသွားတာဖြစ်ပြီး သူတို့နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရှိရဘူးလို့ အဆိုပါရပ်မိရပ်ဖ ဆိုပါတယ်။
စည်ပင်သာယာရေးရုံးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့အဖွဲ့အစည်းကိုတော့ မသိရှိရသေးပါဘူး။
ဟိုပင်မြို့အတွင်းမှာ အာဏာသိမ်းမှုနောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မကြာခဏရှိနေပြီး လျှပ်စစ်ရုံး၊ စည်ပင်သာယာရုံးအပါအဝင် အရပ်သားလက်ဖက်ရည်ဆိုင်တွေလည်း ပစ်ခတ်တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။