ဟိုပင်မြို့တွင် လက်ဖက်ရည်ဆိုင်အတွင်း သေနတ်သမားများပစ်ခတ်မှုကြောင့် (၆)ဦးသေဆုံးပြီး (၇)​ဦး ဒဏ်ရာရ

နိုဝင်ဘာ ၇ ၊​ ဟိုပင်

ဟိုပင်မြို့နယ် ယနေ့နံနက် (၉) နာရီကျော်က ထူးထိုက်စံလက်ဖက်ရည်ဆိုင် အတွင်းကို သေနတ်သမားများက လာရောက်ပစ်ခတ်မှုကြောင့် (၆) ဦးသေဆုံးပြီး (၇) ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှသိရသည်။

“ ၆ ဦး သေဆုံးတာမှန်တယ် ၊ ၇ ဦးကတော့ ဒဏ်ရာရတယ်။ အခုအရေးပေါ်ကား ၃ စီးရှိပြီ ပိုတာ ၊​ခုလေးတင်ပို့တာတစ်စီး” ဟု ဟိုပင်မြို့ခံတစ်ဦးကဆိုသည်။ ထိခိုက်ဒဏ်ရာရသူများလည်း ဒဏ်ရာပြင်းထန်မှုကြောင့် မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ခြင်းဖြစ်သည်။

ထိခိုက်မှုနှင့် သေဆုံးသူများတွင် သံဃာတော်တစ်ပါး ၊ လက်ဖက်ရည်ဆိုင်သို့ လာရောက်စားသုံးသူများ နှင့် ဆိုင်ရှင်အပါအဝင် ၊ အလုပ်သမားများလည်း ပါဝင်ကြောင်း သိရသည်။​

“ လက်ဖက်ရည်ဆိုင်မှာလဲ ဆိုင်ရှင်သမီးကလေးလေး ၅ နှစ် ၆ နှစ်အရွယ်လောက်ရှိပြီ သူလည်း သေနတ်ကျည်ထိတယ် ၊ တစ်ဆိုင်လုံးလဲသွေးတွေကြီးပါပဲ ၊ စိတ်မကောင်းဘူး “ ဟု ဟိုပင်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုကိုမျက်မြင်တွေ့သူတစ်ဦး၏ ပြောဆိုချက်အရ အိမ်စီးကားအဖြူရောင်ဖြင့် လူ (၇) ဦး လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟိုပင် PDF က ယခုဖြစ်ရပ် ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပြီး ထိရောက်စွာအရေးယူမည်ဟု သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *