ဟိုပင်မြို့မှာနေအိမ်ဓားပြတိုက်ခံရပြီးမိသားစုနဲ့အိမ်အကူ(၆)ဦးသေဆုံး

မတ်ဟိုပင် 

မိုးညှင်းမြို့နယ် ဟိုပင်မြို့၊ မြသာယာရပ်ကွက်မှာ မနေ့ကညပိုင်းအချိန်က  ဓားပြတိုက်ခံရပြီး မိသားစု(၅)ဦးနဲ့  အိမ်အကူ(၁)ဦး ၊ စုစုပေါင်း(၆)ဦးတို့ သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 သေဆုံးသူတွေက လူကြီး(၂)ဦး ၊ ကလေး(၃)ဦးနဲ့ အိမ်အကူ(၁)ဦးတို့ဖြစ်ပြီး  ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြတာဖြစ်ကြောင်း မြို့ခံများက ဆိုကြပါတယ်။

“ အကုန်လုံးအခုတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ချည်းပဲတဲ့ လည်ပင်းလည်းအလှီးခံထားရတယ်လို့ ကြားတယ်ဗျ လက်ချောင်းတွေလည်းအဖြတ်ခံထားရတာတဲ့ လက်တွေမှာလည်းအရိုးတွေပေါ်တဲ့အထိ အခုတ်ခံထားကြရတာလို့ ကြားတယ်” ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတာလို့  ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောပြပါတယ်။

သတ်ဖြတ်ခံရခြင်းအကြောင်းအရင်းကို ရပ်ကွက်အတွင်းမှာ အမျိုးမျိုးပြောဆိုမှုတွေရှိနေပေမယ့် သေချာသိရှိနိုင်ခြင်းမရှိသေးသလို အိမ်ပိုင်ရှင်က ငွေတိုးချေးခြင်းနဲ့ ပစ္စည်းပေါင်နှံခြင်း လုပ်ငန်းကိုလုပ်ကိုင်ကြကြောင်း သိရပါတယ်။

“ ခုတလောလည်း အဖွဲ့တွေခဏခဏ ဖမ်းမိတယ် သူခိုးအဖွဲ့တွေကောပဲ ခေတ်ပျက်တော့လေ လူတွေကအစုံပဲ ဟိုပင်မြို့နဲ့ မိုးညှင်းမြို့တွေမှာလည်းလေ”ဟု ဟိုပင်မြို့သားတစ်ဦးက ဆိုပါတယ်။

အခုလပိုင်းတွေအတွင်း  ဟိုပင်မြို့နဲ့ မိုးညှင်းမြို့အပြင် အနီးတစ်ဝိုက်ကျေးရွာတွေမှာလည်း လုယက်မှုနဲ့ ဓားပြမှုတွေမကြာခနဖြစ်ပွားနေတာကြောင့် လုံခြုံမှုအလွန်နည်းပါးနေကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယအပတ်မှာလည်း မိုးညှင်းမြို့သို့ ဘွဲ့နှင်းသဘင်လာရောက်တက်ရောက်တဲ့ ကျောင်းသူ(၂)ဦးကို ရွာသစ်ကုန်းရပ်ကွက်အတွင်းမှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့က လုယက်ရိုက်နှက်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *