ဟိုပင်မြို့ယူနီယံဆန်စက်ဝင်းအတွင်းရှိ  ကုန်သွယ်လယ်ယာဌာနပိုင်အဆောက်အဦးမီးလောင်ကျွမ်း

ယူနီယံဆန်စက်ဝင်း မီးလောင်ကျွမ်းနေစဉ် Photo Credit Nyein Thura Aung_Facebook

မတ် ၂၀ ၊ ဟိုပင်

မိုးညှင်းမြို့နယ် ဟိုပင်မြို့ မြသီတာရပ်ကွက်ရှိ ယူနီယံဆန်စက်ဝန်းအတွင်းက ကုန်သွယ်လယ်ယာဌာနပိုင် စပါးသိုလှောင်သည့်  အဆောက်အဦးနှစ်ခုနှင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

ယနေ့ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲကနေ စတင်လောင်ကျွမ်းကာ  ၄ နာရီကျော်အချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဟိုပင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

“ယူနီယံဆန်စက်အနောက်ဘက်လမ်းကြားထဲက အိမ်တစ်လုံးပါသွားတယ်။ လူနေအိမ်တစ်ခုပါသွားတာဖြစ်မှာပေါ့။ အရင်တုန်းက စပါးလှောင်တဲ့ဟာ ကုန်သွယ်လယ်ယာရဲ့ဟာတွေ ကိုသောင်းလွင်နဲ့က မဆိုင်တဲ့ သဘောဖြစ်နေတယ်။ ပြင်လို့လည်းမရဘူး။ သူ့ ဝန်းတော့ဟုတ်တယ်။ ကုန်သွယ်လယ်ယာကပိုင်တာ။ ဝန်းကတော့ ယူနီယံဆန်စက်ပဲ” လို့ ဟိုပင်ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

မီးလောင်ကျွမ်းသွားသည့် အဆောက်အဦးက  ၁၉၇၀ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကတည်းက တည်ဆောက်ထားခဲ့တဲ့ စပါးသိုလှောင်သည့်နေရာဖြစ်ကြောင်း သိရပါတယ်။ 

“ မီးသတ်ကနေ မေးကြည့်လိုက်တဲ့အခါကျတော့ သူတို့ပြောတဲ့အလိုအရ အဲ့ဒီနေရာတွေဟာ  သစ်ခြောက်သစ်ရွက်တွေလေ ပလပုံကြီးပဲ ဘယ်သူလည်းမသိဘူး။ ဆေးလိပ်ပစ်တာတို့ပြောနေတယ်။ သီးခြားကြီးမီးရှို့တာတော့မဟုတ်ဘူး” လို့ မီးသတ်ဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

မီးလောင်ကျွမ်းသွားသည့် နေအိမ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကိုတော့ မသိရှိရသေးပါဘူး။ 

Leave a Reply

Your email address will not be published. Required fields are marked *