အောက်တိုဘာ ၁ဝ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် Covid19 ပိုးကင်းစင်ပြီး (၉) ရက်အကြာတွင် Covid19 ပိုးအတည်ပြုလူနာ တစ်ဦးထပ်မံတိုးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ပဲခူးတိုင်း၊ သာယာဝတီထောင်မှ ပြန်လာသူ အမျိုးသားတစ်ဦးတွင် covid-19ရောဂါပိုး တွေ့ရှိကြောင်း ဟုမ္မလင်းမြို့နယ် ဆေးရုံအုပ် ဦးဝင်းနိုင်ထွန်းထံမှသိရသည်။
အဆိုပါလူနာသည် အောက်တိုဘာလ တစ်ရက်နေ့တွင် ပဲခူးတိုင်း၊ သာယာဝတီထောင်မှ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်သို့ ရောက်ရှိခဲ့ပြီး ၎င်းအပါအဝင် (၃)ဦး မန္တလေးသို့ ကုန်ကားဖြင့် လိုက်ပါလာခဲ့သည်။
(၂)ရက်နေ့တွင် မန္တလေးမှ မုံရွာသို့ သုံးဘီး အငှား ယာဉ်ဖြင့် ရောက်ရှိလာပြီး ဟုမ္မလင်းအထိ ဆိုင်ကယ်ဖြင့် ပြန်လာကာ အထက CBFQတွင် အသွားအလာ ကန့်သတ်ထားခဲ့ကြောင်း ဦးဝင်းနိုင်ထွန်းထံမှ သိရသည်။
“လက်ရှိကျန်းမာရေးက ကောင်းတယ် ။ (၉)ရက်နေ့ စစ်ဆေးပြီးတော့ မနေ့က အဖြေထွက်တယ်ပေါ့ ၊ ဆေးရုံကိုတော့ ညတစ်နာရီ လောက်ကတည်းကပို့ထားတာ” ဟု ဦးဝင်းနိုင်ထွန်းကပြောသည်။
ဟုမ္မလင်းမြို့နယ်တွင် Covid-19 ရောဂါပိုး တွေ့ရှိသူ နှစ်ဦးရှိပြီး ပထမ တစ်ဦးသည် စက်တင်ဘာ (၃၀)ရက်နေ့ တွင် ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီးဖြစ်သည်။
လက်ရှိ ဟုမ္မလင်းမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရ သူ (၇)ဦးရှိကြောင်း ဦးဝင်းနိုင်ထွန်းကပြောသည်။