ဟုမ္မလင်းမြို့က နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ရဲ့ မိဘတွေပိုင်တဲ့ ဆိုင်ကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ချိတ်လာပိတ်လိုက်ပါတယ်။
ဟုမ္မလင်းမြို့မစျေးထဲက ဆိုင်ခန်းအမှတ် ( တတ-၅ )ဇော် နာရီ နဲ့ ကုန်စုံဆိုင်ကို ချိတ်ပိတ်လိုက်တာလည်းဖြစ်ပါတယ်။
“ ဒီဆိုင်လေးဟာ ကျနော် မမွေးခင်ကတည်းက ကျနော့မိဘတွေ စီးပွားရေးလုပ်ခဲ့တဲ့ ဆိုင်ခန်းလည်းဖြစ်ပါတယ်။
ကျနော့အနေနဲ့ကတော့ ဒါတွေ ကြိုတင်မျှော်လင့်ထားပြီး ဖြစ်တာကြောင့် ထူးထွေပြီး အံ့သြနေမှာလည်း မဟုတ်ပါဘူး။ ပြည်သူများရဲ့ ပူးပေါင်းမှုနဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ရတဲ့နေရာကနေ ဆက်ပြီး တော်လှန်သွားမှာ ဖြစ်ပါတယ်” လို့ ကိုကျော်ဝင်းစိန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
ဒီ ဇော် နာရီ နဲ့ ကုန်ဆုံဆိုင်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကလည်း မီးရှို့ခံရမှုဖြစ်ပွားခဲ့ပါသေးတယ်။
ကိုကျော်ဝင်းစိန်ရဲ့ မရီးဖြစ်သူ CDM ဆရာမ မမေနှင်းအေးကလည်း အောက်တိုဘာလမှာ ၎င်းရဲ့ နေအိမ်မှာ လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလကလည်း နောင်ပိုအောင်ကျေးရွာက ကိုမောင်မောင်ရဲ့ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့တာလည်းဖြစ်ပါတယ်။