ဟုမ္မလင်းမြို့တွင် ရေဘေးဒုက္ခကြုံနေသလို ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာနေ

ဇူလိုင် ၉ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးဒုက္ခကြုံနေရသလို ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာတယ်လို့ ဒေသခံသတင်းအရင်းအမြစ်က ဆိုပါတယ်။

“ ရေမကြီးခင်ကလည်း တက်နေတာပါ့။ အဲ့လောက်ကြီးတော့ မတက်ဘူးလေ။ ရေမကြီးခင်ကတော့ ခရမ်းချဥ်သီးတွေက နှစ်သောင်းလောက်ပဲ ရှိတာကိုး။ ကြက်ဥဆိုရင်လည်း ၇၀၀၊ အခုဟာက ၉၀၀ တွေ၊ ၁၀၀၀ တွေ ဖြစ်သွားတယ်လေ။ ဆန်ကတော့ အဲ့လောက်ကြီးတော့ မတက်ဘူးပေါ့။ ဟင်းတွေ အရမ်းတက်တာလေ။ မရှိတာလေ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ပစ္စည်းတွေက ပြတ်လပ်သည့်အနေအထားမှာ ရှိနေတယ်လို့ အရင်းအမြစ်က ဆိုပါတယ်။ 

လက်ရှိကုန်ဈေးနှုန်းတွေကတော့ လုံးသွယ်မွှေးဆန်တစ်အိတ်ကို တစ်သိန်းကိုးသောင်းငါးထောင်ကျပ်၊ ပဲဆီ ဆယ်ပိဿာပုံး တစ်ပုံးကို နှစ်သိန်းကျပ်၊ ခရမ်းချဥ်သီး တစ်ပိဿာကို သုံးသောင်းရှစ်ထောင်ကျပ်၊ အားလူး တစ်ပိဿာ တစ်သောင်းနှစ်ထောင်ကျပ်၊ ကြက်သွန်နီ တစ်သောင်းငါးထောင်ကျပ်၊ ကြက်သွန်ဖြူ တစ်သောင်းကျပ်နှင့် ဓာတ်ဆီတစ်လီတာကို တစ်သောင်းသုံးထောင်ကျပ်အထိ ဝယ်ယူစားသုံးနေရတာပဲဖြစ်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဟုမ္မလင်းမြို့နယ်အချို့နေရာများတွင် ယခုလို ကုန်ဈေးနှုန်း မြင့်တက်ရတာသည်က  တော်လှန်ရေးအင်အားစုများ၏ ကုန်သယ်ခွင့် ပိတ်ပင်ထားဆီးမှုကြောင့်အပါအဝင် ရေနစ်မြှုပ်မှုတွေကြောင့်လည်း ပါဝင်တယ်လို့ နောက်ထပ် ဒေသခံသတင်းအရင်းအမြစ်က ဆိုပါတယ်။

“ ရေကြီးတာကော ဟိုပိတ် ဒီပိတ် ပိတ်တာကောပါ့အေး။ ဟိုမသွားရ ဒီမသွားရ။ ဟိုမလာရ ဒီမလာရဆိုတော့ ဓာတ်ဆီ ဒီဇယ်တွေက ဈေးကြီး။ ဟိုတုန်းကတော့ ဖြတ်လေးဖြတ်တွေ ဖြတ်ကြ။ အခုဟာက ဟိုဘက် ဒီဘက်ဖြတ်တဲ့အခါကြတော့ ပြည်သူတွေက ကော့လို့ ခံရတာပါ့”  လို့ဆိုပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းသို့ ကုန်စည်များ ဝင်ရောက်နိုင်သည့် လမ်းကြောင်းတွေသည် ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းတို့မှ ဝင်ရောက်နိုင်ပြီး လေကြောင်းမှလွဲ၍ ကျန်လမ်းကြောင်းများသည် တော်လှန်ရေးအင်းအားစုများထိန်းချုပ်ထားသည့် နယ်မြေကို ဖြတ်သန်းရပြီး ၎င်းတို့ခွင့်ပြုမှသာ ကုန်းစည်ကူးသန်းခွင့် ရကြတာပဲ ဖြစ်ပါတယ်။

 ဟုမ္မလင်းမြို့သို့ ကုန်ပစ္စည်းမျာကို လေကြောင်းဖြင့် သယ်ဆောင်ခွင့်ပြုခဲ့သည်မှာလည်း ယခုနှစ် မေလ စတုတ္ထအပတ်မှာ စတင်ခဲ့တာလို့လည်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *