


ဇူလိုင် ၂၃ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာ ဥရုချောင်းရေကြီးခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ကျေးရွာလမ်းပိုင်းတွေဟာ ဆိုးဝါးစွာပျက်စီးသွားကာ သွားလာရေးအတွက် အခက်အခဲကြုံနေကြရတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နဲ့ နောင်ပိုအောင်ကျေးရွာ လမ်းပိုင်းဖြစ်တဲ့ ပင်းမခေါ်ကျေးရွာအနီးက လမ်းတွေပျက်စီးနေမှုကြောင့် သွားလာရေးခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ လမ်းကပျက်သွားပြီ ဆိုင်ကယ်ဆို အိတ်ဇောအထိမြုပ်တယ် ကားဆိုရင်တစ်စီးပြီးမှတစ်စီးဖြတ်လို့ရတယ် ဆွဲနေရတာ တွန်းနေရတာ အဲ့လိုမျိုးပဲသွားနေရတာပါ ရေကြီးလို့ဖြစ်သွားတာပေါ့ ရေကြီးလို့ရေစီးထွက်လိုက်တာလေ မာလုံကဝင်တဲ့ရေက ပင်းမခေါ်ကနေလာစီးကျလိုက်တော့ပျက်စီးသွားတာ” လို့ သူကဆိုပါတယ်။
နောင်ပိုအောင်ကျေးရွာ နဲ့ ပင်းမခေါ်ကျေးရွာကြားမှာ လမ်းပိုင်းပျက်စီးနေတာဖြစ်ပြီး ဖြတ်သန်းသွားလာတဲ့ မော်တော်ဆိုင်ကယ်တွေဟာ တစ်ချို့သောနေရာတွေမှာ ထမ်းရတာ ၊ တွန်းရတာ အပြင် မော်တော်ကားတွေကိုတော့ ထွန်စက်ကားတွေနဲ့ ဆွဲနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခင်နှစ်ကပြုပြင်ထားသော အိုက်ခွဲအင်း နဲ့ လိုင်ပုန်ချောင်းကြားက အင်္ဂတေလမ်းပိုင်းအားလုံးလို ရေတိုက်စားမှုကြောင့် ကွာကျပျက်စီးကာ လမ်းတွေပေါ်မှာ လူတစ်ရပ်စာခန့်တွင်းကြီးများ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
“ အိုက်ခွဲနဲ့လိုင်ပုန်ကြားကကွန်ကရစ်ပျက်သွားတာလမ်းက ရွှံ့မဟုတ်ဘူး။ကွန်ကရစ်ပါသွားတာ အပေါ်ကွန်ကရစ်လောင်းထားတဲ့ အုတ်ခုံကရှိတယ်။ အဲဒီမှာရေလာစီးကျလိုက်တဲ့အခါကြတော့ ရေတွေစိုက်ပြီးတိုက်စားသွားတဲ့အခါကြတော့အုတ်ခုံပဲကျန်တယ်ကွာ ကွန်ကရစ်ကပါသွားတယ်အဲ့ဒီမှာ တွင်းကြီးတွေဟာ လူတစ်ရပ်လောက်အထိ စိုက်ကျလို့နေလိုက်ပြီး တွင်းကြီးတွေဖြစ်ထားလိုက်ပြီ” ဟုကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
ဒီလမ်းပိုင်းတွေဟာဟာ ဟုမ္မလင်းမြို့နဲ့နောင်ပိုအောင်စံပြကျေးရွာကို ဆက်သွယ်ထားသော လမ်းဖြစ်တဲ့အပြင် ဟုမ္မလင်း -မန္တလေး လမ်းမကြီးရဲ့ လမ်းပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
ဇူလိုင်လအစမှာ ဟုမ္မလင်းမြို့နယ်အတွင်းချင်းတွင်းမြစ်ရေ နဲ့ ဥရုချောင်းရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ကျေးရွာ ရာနှင့်ချီရေနစ်မြှုပ်ခဲ့တာလည်းဖြစ်ပါတယ်။
လမ်းပိုင်းတွေ ဆိုးဝါးစွာပျက်စီးနေတာကြောင့် ဒေသတွင်းမှာရှိတဲ့ လူထုတွေဟာ စစ်ဘေးကြောင့်ကုန်စည်စျေးနှုန်းတွေ မြင့်တက်မှုကိုခံစားနေကြရသာမက ခရီးလမ်းကြန့်ကြာမှု၊ သွားလာရေးခက်ခဲမှု၊ ကုန်စည်ပြတ်လတ်မှုတွေကိုပါ ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။