မေ ၁၀ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ဆောက်လုပ်ရေးအတွက်အသုံးပြုသည့် ဘိလပ်မြေစျေးတွေဟာ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဘိလပ်မြေတစ်အိတ်ကို ကျပ်တစ်သောင်းဝန်းကျင်ရှိရာကနေ လက်ရှိအချိန်မှာ တစ်အိတ်ကျပ်လေးသောင်းမှ ငါးသောင်းအထိမြင့်တက်နေတာဖြစ်ကြောင်း ဝယ်ယူသုံးစွဲနေသူတွေဆီကနေ သိရှိရပါတယ်။
“ လေးသောင်း၇ထောင်လောက်တောင်ရှိနေပြီ။ဘာကြောင့်လဲဆိုရင်သယ်ယူစရိတ်နဲ့လမ်းပန်းဆက်သွယ်ရေးမှာဂိတ်တွေများလို့ပေါ့၊ဂိတ်ကြေးတွေများတာရော၊တချို့ဂိတ်တွေရာသယ်ခွင့်ကိုမပေးတာရော၊ဟုမ္မလင်းဘက်ကိုကုန်စည်စီးဆင်းမှုမကောင်းအောင်ဖြတ်တောက်တဲ့သဘောပါ့လေ” လို့ဟုမ္မလင်းမြို့နယ်နမ့်တောကျေးရွာသားတစ်ဦးကပြောပြပါတယ်။
ဘိလပ်မြေနှင့် တခြားဆောက်လုပ်ရေးပစ္စည်းများသယ်ယူရေးအတွက် မန္တလေး-ဟုမ္မလင်းလမ်းပိုင်းအတွင်းမှာ စစ်တပ်ဂိတ် ၊ ဒေသကာကွယ်ရေးဂိတ်များစွာကို ငွေကြေးပေးဆောင်ရခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းတိို့ကြောင့် စျေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဟုမ္မလင်းကုန်သည်တစ်ဦးထံမှသိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းကုန်စည်စီးဆင်းဖို့အတွက် ချင်းတွင်းမြစ်ကြောင်းကို ယခင်ကအသုံးပြုခဲ့ပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း တိုက်ပွဲများကြောင့် ကောင်းမွန်စွာအသုံးမပြုနိုင်ကြောင်း သိရပါတယ်။
ဟုမ္မလင်းမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အထက်ပိုင်းမှာရှိပြီး ဟုမ္မလင်းမြို့နယ်ကို သွားသည့် လမ်းကြောင်းတစ်လျှောက်မှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့အများအပြားနှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေဟာ မကြာခဏဖြစ်ပွားနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။