ဟုမ္မလင်းမြို့နယ်မှာလူဦးရေစာရင်းကောက်ယူမှုစတင် 

ဇန်နဝါရီ ၉ ၊ ဟုမ္မလင်း 

စစ်ကောင်စီက တစ်နိုင်ငံလုံးရဲ့လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များ ဇန်နဝါရီ ၉ ရက်ကနေ စတင်ကောက်ခဲ့တယ်လို့သိရပါတယ်။  

ရက်ပေါင်း ၂၀ ကြာကောက်ခံမယ့် ဒီအစီအစဉ်ကို ဟုမ္မလင်းမြို့မှာ ဒီနေ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင်ကောက်ခံခဲ့တာဖြစ်တယ်လို့ ကောက်ခံမှုမှာပါဝင်သူ တစ်ဦးကပြောပြပါတယ်။  

“ ဘယ်လို ကောက်သလဲဆိုတော့ မြို့နယ်ကနေပြီးတော့ အုပ်စု တွေဆီကို အိမ်ထောင်စု စာရင်းတွေ ချပေးတယ်။ လဝက ရုံးမှာ ရှိတဲ့ အိမ်ထောင်စု စာရင်းတွေ ထုတ်ပြီးပေးခဲ့တာကို ကျနော်တို့က ကွင်းဆင်းပြီးတော့ သူတို့ရဲ့ အိမ်ထောင်စု စာရင်းနဲ့ တိုက်ဆိုင် စစ်ဆေးတယ်လေ။ လိုတိုး ပိုလျော့ အဲ့လို လုပ်ရတယ်။” လို့ သူက ပြောပြပါတယ်။ 

ကောက်ယူရာမှာလည်း တစ်ရပ်ကွက်ကို အုပ်ချုပ်ရေးမှူး၊ စာရေး နဲ့ ကောက်ယူသူ (၂) ဦးပါဝင်မှာဖြစ်သလို ၊ ကျေးရွာအုပ်စုတွေအနေနဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ကောက်ယူသူ (၂) ဦး နဲ့ တချို့ဒေသတွေမှာတော့ ငါးဦးကော်မတီဖွဲ့ပြီး ကောက်ခံမှုတွေ ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ 

“ အုပ်ချုပ်ရေးပိုင်းနဲ့ ရပ်မိ ရပ်ဖတွေနဲ့  တွဲပြီးကောက်တယ်။ ကျေးရွာခေါင်းဆောင်ကို အခုက ရွာသူရွာသားတွေ ပြန်ရွေးထားတယ်လေ။ ရွာတော်တော်များများကတော့ ၅ ဦး ကော်မတီ ဆိုပြီး ပြန်ရွေးပြီးတော့  သူတို့က ကြီးကြပ်ပြီးတော့ ရွာမှာ ရေးတတ် ဖတ်တတ်တဲ့သူ အတန်းပညာအရည်အချင်းရှိတဲ့သူတွေနဲ့ တွဲပြီး ကောက်တယ်” လို့ သူက ဆက်ပြောပြပါတယ်။ 

ဒီလိုကောက်ယူမှုတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ၊၂၀၂၂ ခုနှစ်ကတည်းက  ပထမအဆင့်အနေနဲ့ နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းများပြုလုပ်ခြင်း ၊ ဒုတိယအနေနဲ့ အိမ်ထောင်စု လူဦးရေးစာရင်း ပုံစံ (၆၆/၆) အချက်အလက်တွေကို စစ်ဆေးတာ နဲ့ နည်းပညာနဲ့ နေပြည်ရုံးချုပ်က  Sever ထဲ ထည့်သွင်းတာတွေပြုလုပ်ပြီးထားပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ 

စာရင်းကောက်ယူမှုပုံစံတွေက တစ်မြို့နယ်နဲ့ တစ်မြို့နယ်ကွဲပြားမှုတွေရှိနေပြီး မြေပြင်ကွင်းဆင်းကောက်ယူနိုင်ခြင်းမရှိသေးတဲ့ ဒေသတွေအများအပြားလည်းရှိနိုင်တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *