ဟုမ္မလင်းမြို့နယ်မှာ နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာ 

မတ် ၂၆ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ မတ်လ စတုတ္ထပါတ်မှစပြီး နေ့အပူချိန် တစ်ဖြည်းဖြည်းမြင့်တက်လာနေပါတယ်။

မတ်လ ၂၆ ရက်နေ့ ဟုမ္မလင်းမြို့နယ်ရဲ့ နေ့လည်အပူချိန်ဟာ ၁ နာရီမှ ၃ နာရီအချိန်ထိက ၃၇ ဒီဂရီစင်တီဂရိတ်ထိ ရှိလာနေပါတယ်။

ဆက်လက်မြင့်တက်လာနေတဲ့အပူချိန်အရ ယခုသတင်းတစ်ပတ်တည်းမှာပဲ  ဟုမ္မလင်းမြို့နယ်ရဲ့ နေ့လည်ပိုင်းအပူချိန်ဟာ အနိမ့်ဆုံး (၁၃) ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ပြီး အမြင့်ဆုံး ၄၀ ဒီဂရီစင်တီဂရိတ်ထိရှိနိုင်တယ်လို့လည်း  AccuWeather က ယနေ့ မတ်လ (၂၆) ရက်နေ့မှာ တွက်ချက်ဖော်ပြပါတယ်။ 

အာ.. နေ့ဆို အတော်ပူလာပြီ။ ဒီအချိန်က အပြင်ထွက်ရင် ဦးထုပ်ဆောင်းတာတောင် သိပ်မလုံတော့ဘူး။ အနည်းဆုံး ခမောက်တော့ဆောင်းမှ အဲ့ဒါမှ လည်ဂုတ်တွေပါလုံတာ။ ပူလိမ့်ဦးမယ် လာမယ့် သင်္ကြန်အခါဆို ပိုပူမှာ။ ခုက ၃၇၊ ၃၈ ဝန်းကျင်ရှိနေလောက်ပြီ။ ရှေ့လျှောက် ငါတို့ဟုမ္မလင်းနယ်လည်း ၄၀ ဒီဂရီနီးနီးလောက် ရောက်လာနိုင်တာပေါ့” လို့ နမ့်တောဒေသခံတစ်ဦးက ပြောပြပါတယ်။

မြင့်မားလာနေတဲ့အပူချိန်တွေကြောင့် ရေဓာတ်မဆုံးရှံးစေဖို့ ရေသန့်များများသောက်သုံးဖို့လိုအပ်မှာဖြစ်ပြီး အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးပိုဂရုစိုက်သင့်တယ်လို့လည်း ၎င်းကပြောပါတယ်။

ရှမ်းနီဒေသဖြစ်တဲ့ ဟုမ္မလင်းမြို့နယ်ဟာ ရွှေသယံဇာတများစွာထွက်ရှိသည့်အလျောက် ချင်းတွင်းမြစ်နဲ့  ဥရု ချောင်းတစ်လျှောက် အပါအဝင် မြို့နယ်အနှံ့အပြားမှာ သစ်တောသစ်ပင် ပျက်စီးဆုံးရှုံးမှုတွေရှိနေတာကြောင့် ရာသီဥတုနှင့်အပူချိန်တွေ စတင်ဆိုးရွားစပြုလာနေပြီလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၀၁ ခုနှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သစ်တောဆုံးရှုံးမှုပမာဏ ၅၆ ရာခိုင်နှုန်းအထိရှိလာနေပြီး ခန္တီး ၊ကသာ ၊ မော်လိုက်မြို့နယ်မှာ သစ်တောဆုံးရှုံးမှုပမာဏအများဆုံးမြို့တွေလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *