ဟုမ္မလင်းမြို့နယ်ရေလဲကျေးရွာမှမောင်နှမနှစ်ဦးကိုလူတစ်စုကခေါ်ဆောင်သွားပြီးအသတ်ခံရ

ဒီဇင်ဘာ ၁၅ ၊ ဟုမ္မလင်း

ဟုမ္မလင်းမြို့နယ် မြင်သာရေလဲကျေးရွာမှ မောင်နှမ နှစ်ဦးကို လူတစ်စုက ခေါ်ဆောင်သွားပြီးနောက် အသတ်ခံရကြောင်း ဒေသခံထံမှ စုံစမ်းသိရှိရသည်။ 

၎င်းတို့နှစ်ဦးကို  ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း၌  ဖာနိုင်းကျေးရွာမှ ပုရစ်ကျေးရွာကို သွားတဲ့လမ်းနဘေးတွင် လည်လှီးဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း ဒေသခံများက ပြောသည်။ 

ရေလဲကျေးရွာတွင်   ဒီဇင်ဘာလ (၁၃) ရက်နေ့ ညနေ(၆) နာရီအချိန်က  အသက် (၃၀) အရွယ် မခင် ( အမည်လွဲ)​ကို ဆိုင်ကယ် သုံးစီး လူငါးယောက် ရောက်လာပြီး သူ့ကို လက်ထိပ်ခတ်ကာ ခေါ်ဆောင်သွားခဲ့ကြောင်း ပြောဆိုသည်။ 

“ အမျိုးသမီးကို လူငါးယောက်လာခေါ်သွားတယ်။ သူ့မောင်ကလည်း သူ့အစ်မကို လာခေါ်သွားတာ စိတ်မချလို့ လိုက်သွားတာ ။ သူ့မောင်ရော သူ့အစ်မကိုပါ သတ်ပြီး ဖာနိုင်းကျေးရွာအပြင် မှာ ပစ်ချထားတာ “ ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောကြားသည်။ 

မခင်ကို လူတစ်စု ဖမ်းဆီးသွားပြီးတဲ့နောက် သူ့ရဲ့မောင်ဖြစ်သူ ကိုကျန် (အမည်လွဲ)​က နောက်ကနေလိုက်သွားခဲ့ပြီး သူရောအသတ်ခံခဲ့ရတာလည်းဖြစ်သည်။ 

ထိုအသတ်ခံရတဲ့ အကြောင်းအရင်း ဒေသတွင်းမှာ ပြောဆိုမှု အမျိုးမျိုးရှိနေပြီး မည်သူ့လက်ချက်ဆိုတာ အတိအကျမသိရှိရသေးကြောင်း​ဒေသခံတွေဆီကနေ သိရသည်။ 

“ အဲ့ဒီအမျိုးသမီးက ကြားရသလောက်ဆိုရင် မူးယစ်ဆေးဝါးနဲ့လည်း မပတ်သက်ဘူး။​ ကောင်းရောင်းကောင်းဝယ် နဲ့ သူ့ဟာသူ ကုန်စိမ်း လိုက်ရောင်းလို့ နေနေတာ “ ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ 

အသတ်ခံရသည့်   မခင်မှာ သားသမီး (၆) ယောက် ကျန်ရစ်ပြီး၊  သူ့ရဲ့ မောင်ဖြစ်သူမှာ သားသမီး (၁) ဦးကျန်ရစ်တာလည်း ဖြစ်ပါသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *