ဟုမ္မလင်းမြို့နယ်တွင် Covid19 ကာကွယ်ဆေးကို ပထမဆုံးဦးစားပေးအနေဖြင့် ယနေ့ ကျန်းမာရေးဝန်ထမ်း (၂၉၇)ဦးကို ယနေ့ ဇန်နဝါရီ (၂၇) ရက်နေ့ မနက်ပိုင်းက ထိုးပေးခဲ့ကြောင်းဟုမ္မလင်းမြို့နယ် ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်း ကပြောသည်။
ဟုမ္မလင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနိုင်ရန်အတွက် လူဦးရေ သုံးရာကျော်အတွက် ဆေးပုလင်း (၃၇)လုံးရရှိထားပြီး ပထမ ဦးစားပေးအနေဖြင့် ဆေးရုံဝန်ထမ်း(၁၅၁)ယောက်၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်း (၁၄ဝ)၊ အား/ကာဝန်ထမ်း(၃)၊ တိုင်းရင်းဆေး (၃)ဦး တို့အား ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။
“ အကုန်လုံးက လုံးဝ ဓါတ်မတည့်တာတွေရော လုံးဝမတွေ့ရဘူး တစ်ချို့တလေကတော့ မူးတာနှောက်တာတွေ တော့ ရှိတာပေါ့လေ အရေးပေါ်နေမကောင်းတာတွေတို့ လုံးဝမတွေ့ရဘူး အားလုံးက ကျန်းကျန်းမာမာပဲ ” ဟု ဒေါက်တာဝင်းနိုင်ထွန်းကပြောသည်။
ဟုမ္မလင်းမြို့နယ်အတွက် ပထမအကြိမ်အတွက်ဆေးပုလင်း(၃၇)ပုလင်းခွဲတမ်းရရှိထားပြီး ဆေးတစ်လုံးတွင် လူ (၁၁) ဦးထိုးပေးခဲ့ကြောင်း ၎င်းကဆိုသည်။
ယနေ့ထိုးနှံမှုတွင် ဆေးလုံးရေ (၂၇) လုံးထိုးထားပြီး လက်ကျန် (၁ဝ)လုံးကို မနက်ဖြန် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ဆက်လက်ထိုးပေးမည်ဖြစ်သည်။
ဟုမ္မလင်းမြို့နယ်တွင် Covid-19 ပိုးတွေ့ရှိသူ(၄၁)ဦးရှိခဲ့ရာ(၃၇)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး လက်ရှိတွင်(၄) ဦး ဆက်လက် ဆေးကုသမှုခံယူနေရသည်။