ဇန်နဝါရီ ၂၀ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်မှာ ဆောင်းရာသီပဲတစ်မျိုးဖြစ်တဲ့ ဒေသအခေါ် ချင်းပဲ ( ပဲယင်းဝါ) ဟာ လက်ရှိမှာ ရိတ်သိမ်းနေပြီး တစ်တင်းကျပ်သုံးသောင်းရှစ်ထောင်ကျပ်အမြင့်ဆုံးစျေးနဲ့ ပွဲစားတွေက ဝယ်ယူနေတယ်လို့ စိုက်ပျိုးတောင်သူတွေဆီကနေ သိရပါတယ်။
“ ပဲယင်းဝါ ဒေသအခေါ်ဆိုချင်းပဲပေါ့၊ ပေါက်စျေးကတော့ ပထမက ၃၃ ၃၅ ခင်ဗျာ့၊ မနေ့ကပေါက်စျေးကတော့ ၃၈ လို့ပြောတယ်။ တစ်တင်းစျေးကို သုံးသောင်းနဲ့မှ ၈ ထောင်လို့ပြောတာခင်ဗျာ့ ၊ အရင်နှစ်ကတော့ အဲ့လောက်စျေးတော့မရဘူး ၊ သုံးသောင်းတစ်ထောင့်ငါးရာဂိတ်ဆုံးပဲထင်တယ်” လို့ ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာက ပဲယင်းဝါစိုက်ပျိုးသူ စိုင်းအောင်လင်းက ပြောပြပါတယ်။
ဟုမ္မလင်းမြို့မှာ ဆောင်းရာသီ ပဲတွေဖြစ်တဲ့ မြေထောက်ပဲ ၊ စားတော်ပဲ ၊ ပဲတီစိမ်းတွေထဲမှ လက်ရှိမှာ ပဲယင်းဝါတွေကို အဝယ်များနေတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
ဒီနှစ်မှာ စိုက်ပျိုးတောင်သူတွေဟာ စိုက်ပျိုးစရိတ်ကြီးမြင့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ စိုင်းအောင်လင်းက ဆက်ပြောပြပါတယ်။
“ ပဲများများထွက်ရင်တော့ တွက်ချေကိုက်တယ်၊ ပဲများများမထွက်ရင်တော့ တွက်ချေမကိုက်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်က လုပ်အားခတွေက တက်လာတယ်။ တစ်ရက်ကို တချို့ဆို ခြောက်ထောင် ခုနှစ်ထောင် ဖြစ်လာတယ်ဆိုတော့ ကုန်ကျစရိတ်တွေက များလာတာပေါ့” လို့ ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်က ထွက်တဲ့ ပဲယင်းဝါတွေကို မုံံရွာကုန်စည်ဒိုင်တွေကအဓိကဝယ်ယူပြီး လက်ရှိပဲယင်းဝါ တစ်တင်းကို ကျပ်လေးသောင်းလေးထောင် ရှိတယ်လို့ မုံရွာကုန်စည်ဒိုင်ကနေ စုံစမ်းသိရှိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ ပဲအမျိုးမျိုး စိုက်ပျိုးဧက နှစ်သောင်းကျော်ရှိပြီး နှစ်စဉ် ပဲတင်းပေါင်း လေးသိန်းနီးပါးထွက်ရှိတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။