ဟုမ္မလင်းမြို့နယ်အတွင်းမှာကုန်စျေးနှုန်းနှစ်ဆကျော်မြင့်တက်

စက်တင်ဘာ ၁၅ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ  စားသောက်ကုန်စည်တွေရဲ့ ဈေးနှုန်း နှစ်ဆကျော်မြင့်တက်ခဲ့ပြီး 

ကြက်ဥတစ်လုံးကို ၂၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ဟုမ္မလင်းဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

“ကြက်ဥက နောင်ပူအောင်မှာဆိုရင် တစ်လုံးကို ၂၀၀၀ အထိ ရောက်ခဲ့တယ်။ ဟုမ္မလင်းမှာကြတော့ တစ်လုံးကို ၁၅၀၀ အထိကို ရောက်ခဲ့တယ်။ အခုမှ တစ်ထောက်ဖိုးကို သုံးလုံး ပြန်ဖြစ်ခဲ့တာ”​လို့ ဟုမ္မလင်းဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။ 

လွန်ခဲ့တဲ့ ၄ ရက်က   ဟုမ္မလင်းမြို့မှာ  ပဲသီးတစ်ပိဿာကို ၄၅၀၀ကျပ် ၊ ခရမ်းသီး တစ်ပိဿာကို ၇၀၀၀ကျပ် ၊ ခရမ်းချဥ်သီး တစ်ပိဿာကို ၁၈၀၀၀ ကျပ်အထိ မြင့်တက်ရာကနေ လက်ရှိမှာတော့ စျေးနှုန်းပြန်လည်ကျဆင်းလာတယ်လို့ သိရပါတယ်။ 

ဓာတ်ဆီဈေးနှုန်းတွေလည်း  လွန်ခဲ့တဲ့ လေးရက်က တစ်လီကို တစ်သောင်းသုံးထောင်ကျပ်အထိ မြင့်တက်နေခဲ့ကာ  လက်ရှိမှာတော့ ၇၀၀၀ ကျပ်ဝန်းကျင်ရှိနေတယ်လို့ သိရှိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း ကုန်စည်ဝင်ရောက်လမ်းတွေမှာ ကုန်တင်သင်္ဘောများ ပိတ်ဆို့ခံထားရတာ၊ ကုန်းလမ်းအသုံးပြုပြီး သယ်ယူလို့မရနိုင်တာကြောင့် စျေးနှုန်းမြင့်တက်လာခြင်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“ဘာကြောင့်တက်သလဲဆိုတော့ လှေတွေတက်တဲ့ ရေလမ်းကြောင်းကို သူတို့တွေက ပိတ်ထားတာကြောင့်မို့လို့ ဈေးတက်တယ်လို့ သူတို့တွေက ပြောကြတယ်။ အခု ကုန်တင်သင်္ဘောတွေ ကပ်ထားရတာ ကြာပြီ။ တစ်ချို့ရောက်ခဲ့တဲ့ ကုန်ပစ္စည်းတွေဆိုလည်း ပုပ်သိုးကုန်ပြီလေ။ ဒါကြောင့်မို့လို့ အခု ဆီတွေ ဘာတွေကော မတက်ခိုင်းဘူး သူတို့တွေက ပိတ်ထားတယ်လို့ ဆိုင်ရှင်တွေ ပြောလို့သိရတာ ”လို့  နန့်တောဒေသခံ တစ်ဦးက ပြောပြခဲ့ပါတယ်။

အခြေခံကုန်စျေးနှုန်းကြီးမြင့်မှုတွေဟာ ဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ကုန်သွယ်ရေးတွေအတွက် လမ်းပိတ်ထားတာ၊ လမ်းပိုင်းမှာ ငွေကြေးအဆမတန်တောင်းခံမှုတွေရှိနေတာအပြင် လမ်းပိုင်းကြန့်ကြာမှုတွေကြောင့် မြင့်တက်လာရခြင်းဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။ 

ဟုမ္မလင်းမြို့နယ်ရဲ့ အခြေခံကုန်စျေးနှုန်းတွေဟာ တခြားဒေသနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမြဲမြင့်တက်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *