ဒီဇင်ဘာ ၂၇ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်း ကုန်စည်တင်ကားအဝင်မရှိသည့်အတွက် ကုန်ဈေးနှုန်းမြှင့်တက်ပြီး စက်သုံးဆီများကိုလည်း ခွဲတမ်းနဲ့သာ ရောင်းချနေကြရတယ်လို့ ဒေသခံစားသုံးသူတွေဆီကနေ သိရှိရပါတယ်။
“ကျွန်တော် မြေပဲစိုက်ဖို့ အဲ့ဒါထွန်စက်အသေးအတွက် ဒီဇယ်တစ်ပုံးသွားဝယ်တာ။ အဲ့ဒီတစ်ပုံးကို တစ်သိန်းနှစ်သောင်းခွဲ ပေးရတယ်။ ဒီငါးဂါလံတစ်ပုံးကို။ သွားဝယ်တဲ့ဆိုင်မှာလည်း သူတို့က ခွဲတမ်းနဲ့ အဲ့လိုရောင်းပေးတာ အလုအယက်ပဲ အဲ့လိုဖြစ်နေတာ။ ကျွန်တော်တို့ ကားနဲ့သွားလို့ ရှိရင်လည်း ဒါပရီမီယံတို့ ဘာတို့ဆိုရင်လည်း သူက ငါးသောင်းဖိုးလောက်ပဲ ရောင်းပေးတာ။ ကျန်တဲ့ဟာကဆိုရင် ဒီပြင်ဟာကို မျှရောင်းပေးတဲ့သဘောမျိုးပေါ့လေ ပန့်ဆိုင်တွေကတော့။” လို့ နောင်ပူအောင် ဒေသခံတစ်ဦးက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီတွေအနေနဲ့ ဒီဇယ်တစ်ပီပါကို ၁၂ သိန်းကျပ်ဝန်းကျင် ပေးဝယ်နေရပြီး ဓာတ်ဆီ တစ်လီတာကို မြို့ပေါ်မှာ ၇၅၀၀ ကျပ်နှင့် နောင်ပိုအောင်(နောင်ပူအောင်)ကျေးရွာမှာကျပ် ၇၀၀၀ ဝန်းကျင် ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။
ဟုမ္မလင်းမြို့ပေါ် ဆန်းဈေးတွေက တစ်အိတ်ကို အနိမ့်ဆုံးဈေး တစ်သိန်းသုံးသောင်းခွဲနဲ့ အထက် ပေးဝယ်နေရပြီး ကြက်သွန်ဖြူတစ်ပိဿာကို နှစ်သောင်းကျပ်နှင့် ကြက်သွန်နီ တစ်ပိဿာကိုတော့ တစ်သောင်းငါးထောင်ကျပ် အထိ ရှိနေတယ်လို့ သိရပါတယ်။
စားသုံးဆီတွေဖြစ်သည့် ဒေသထွက်ပဲဆီ ၁၀ ပိဿာပုံး တစ်ပုံးကို နှစ်သိန်းကျပ်အထိ ပေးရပေမယ့် ဝယ်မရဖြစ်နေပြီး စားအုန်းဆီတစ်ပုံးကိုတော့ တစ်သိန်းခုနှစ်သောင်းခွဲအထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း ယခုလို အခြေခံစားကုန်ဈေးနှုန်း တက်လာရတာသည် စစ်ရေးအခြေအနေကြောင့် ဖောင်းပြင်မြို့နယ် ရောင်ဟီးဘက်မှာ ကုန်ကားတွေ ပိတ်မိနေတဲ့အတွက်ကြောင့်လို့ ဒေသခံသတင်းအရင်းအမြစ် တစ်ဦးက ဆိုပါတယ်။
“ကျွန်တော်တို့ ဒီအခြေခံစားကုန်ကလည်း အရင် တစ်ထောင်ရောင်းတဲ့ဟာ တစ်ထောင့်ငါးရာ ဖြစ်လာတယ်။ နောက်တစ်ခါ ဒီ့ပြင် အသေးအဖွဲကအစ အကုန်လုံးက တက်လာတာဗျာ့။ အဲ့ဒီတက်ရတဲ့အကြောင်းအရင်းက ကျွန်တော်တို့ ဒီဲ အောက်ကနေ လမ်းတွေက ကားတွေက ကျွန်တော်တို့ ဖောင်းပြင်ရဲ့ဟိုဘက် ရောင်ဟီးလို့ ကြားတယ်ဗျာ့။ အဲ့ဘက်မှာ အများကြီး ပိတ်ထားတယ်ကြားတယ်။ အဲ့ဒါတွေ ဝင်ရင်ကတော့ ပြန်ကျမလားတော့ မသိဘူး။ လို့ ၎င်းက ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက စစ်ရေးပြင်းထန်လာပြီးနောက် ကုန်စည်အများစု နှင့် ခရီးသွားများက လေကြောင်းလိုင်းများကိုသာ အဓိက အားထားပြီးအသုံးပြုလာနေရတာလည်းဖြစ်ပါတယ်။