ဟုမ္မလင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များ မျှောမီးခုံမြေနေရာတွေမှာ နေထိုင်နေကြရပြီး နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာခက်ခဲနေ

ဖေဖော်ဝါရီ ၅ ၊ ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ် ပင်းမခေါ်ကျေးရွာဘက်ကို  စစ်ဘေးတိမ်းရှောင်လာကြသူတွေဟာ နေထိုင်မှုနဲ့ စားနပ်ရိက္ခာ မလောက်ငှမှုအခက်အခဲများ ရင်ဆိုင်နေကြရတယ်လို့ စစဘေးရှောင်တိမ်းနေသူများထံမှ သိရပါတယ်။

 အချို့သောစစ်ဘေးရှောင်တွေဟာ ရွှေတူးဖော်ပြီးသားမြေတွေဖြစ်တဲ့ (မျှောမီးခုံ) မြေနေရာတွေမှာ နေထိုင်နေကြရပြီး ပြီးခဲ့တဲ့နှစ်က နေထိုင်စရိတ်မပေးဆောင်ရပေမယ့် ယခုနှစ်မှာ အခကြေးငွေပေးဆောင်နေရတာကြောင့် ငွေကြေးမလောက်ငှမှုအခက်အခဲကြုံနေရတယ်လို့ ဆိုကြပါတယ်။

“ ဒုက္ခရောက်လို့နေစရာမရှိလို့ ဒီကိုရောက်ခဲ့ကြတာလေ ကျွန်တော်တို့က ညနေဆိုမုန့်တွေထွက်ပြီးခင်းရောင်းတာပေါ့ ဆိုင်ကြီးကန္နားကြီး အကြီးကြီးနဲ့ရောင်းနေတာမဟုတ်ဘူး အခုက တစ်လငါးသောင်းပေးရတော့မယ်တဲ့”  ဟု စစ်ဘေးတိမ်းရှောင်လာတဲ့ လွှစင်ကုန်းကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ယမန်နှစ်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ စားနပ်ရိက္ခာ အထောက်အပံ့အကူအညီများကို အနည်းငယ်ရရှိခဲ့ပေမယ့် ဒီလပိုင်းတွေမှာ အကူအညီများရရှိခြင်းမရှိတော့ကြောင်း သိရပါတယ်။ 

အခက်အခဲကြုံနေရတာပါ့ ပိုက်ဆံပေးစရာမရှိတော့ စားစရာကိုမရှိတာပါ မနေ့ကဆန်လေးတစ်တင်းလေးသူများထောက်ပံ့ပေးခဲ့တာကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ အိမ်ကအဘိုးကြီးကိုပြောနေတာ မြေခတစ်လလေးငါးသောင်းဆိုလည်း ကျွန်မတို့ဝင်ငွေမရှိတဲ့သူတွေက တော်တော်လေးအခက်အခဲဖြစ်နေတာ တစ်သိန်းဖြစ်ဖြစ်ငါးသောင်းဖြစ်ဖြစ် မပေးနိုင်တဲ့အနေအထားပေါ့ တစ်ရက်လုပ်မှတစ်ရက်စားရတာဆိုတော့လေ’ဟု နန့်စကားစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ 

ဒါ့အပြင် သောက်သုံးရေမသန့်ရှင်းမှုနဲ့ ရိက္ခာပြတ်လပ်မှုများလည်းဖြစ်ပေါ်နေပြီး   ယနေ့အချိန်အထိ ၎င်းတို့ နေရပ်ထံကိုလည်း ပြန်လည်ဝင်ရောက်နေထိုင်လို့မရနိုင်သေးကြောင်းလည်း သိရပါတယ်။

ရှမ်းနီးအမျိုးသားတပ်မတော်(SNA)နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ရဲ့ တိုက်ပွဲများကြောင့် ဟုမ္မလင်း-ရွှေဘို ဗျူဟာလမ်းပေါ်ရှိ ကျေးရွာများဖြစ်တဲ့ ပေါက်ပင်၊နန့်စကား၊နောင်ပိုအောင်၊လွှစင်ကုန်း၊နားမော် စတဲ့ကျေးရွာတွေရှိဒေသခံများက ပင်းမခေါကျေးရွာ အပါအဝင် နန့်တော ၊ ဟုမ္မလင်းမြို့ ၊ ခေါင်ခမ်းကျေးရွာ တွေဆီကို  စစ်ဘေးတိမ်းရှောင်လာတာ တစ်နှစ်ခန့်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *