ဟုမ္မလင်းမြို့နယ်အတွင်းမှာ ရှမ်းနီပါတီ (SSP) က မဲအသာစီးရ 

ဒီဇင်ဘာ ၂၉ ၊ ဟုမ္မလင်း 

မနေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဟုမ္မလင်းမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ(၄)ပါတီထဲမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ SSP ပါတီက မဲအသာစီးရနေတယ်လို့ စုံစမ်းသိရရှိရပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် နဲ့ တိုင်းရင်းသားလူမျိုးစုရေးရာ နေရာတွေမှာ မဲအသာစီးရနေတာပါ။ 

မဲကရေတွက်ပြီး မနေ့က  ၄ နာရီကနေ  ၆ နာရီအတွင်းပြီးတယ်။ ရှမ်းနီပါတီက မြို့နယ်အနေနဲ့တော့နိုင်တယ်။ အသေချာဆုံးကတော့ ဟုမ္မလင်း ပြည်သူ့လွတ်တော်နေရာနိုင်တယ်။ တိုင်းဒေသကြီး FPTP နိုင်တယ်။ တိုင်းရင်းသားကလည်း ခန္တီး၊​ဟုမ္မလင်းနိုင်တယ်” လို့ SSP ပါတီနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ 

ရွေးကောက်ပွဲရလဒ်ရဲ့ မဲအရေအတွက်တွေကိုတော့ မသိရှိရသေးသလို ပါတီအသီးသီးကလည်း မဲရလဒ်ကို လက်မှတ်ရေးထိုးအတည်မပြုသေးတဲ့အခြေအနေလို့ ဆိုပါတယ်။ 

ဟုမ္မလင်းမြို့နယ်အနေနဲ့ SSP ပါတီကနေ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ဦးစိုင်းနိုင်နိုင်ကျော် နဲ့ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ်နေရာကို ဦးစိုင်းစံလှစိုး တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ 

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ရွေးကောက်ပွဲကို မြို့နယ်သုံးပုံတစ်ပုံဖြစ်တဲ့  ရပ်ကွက် (၅) ခုနဲ့ ကျေးရွာအုပ်စု (၁၆) စုမှာသာ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့နယ်တွင် ဥရုချောင်းဒေသ၊ နတ်နန်းဒေသ နဲ့ ချင်းတွင်းမြစ်အောက်ပိုင်းဒေသတွင် နေ့  စဥ်တိုက်ပွဲများဖြစ်ပေါ်နေပြီး နယ်မြေလုံခြုံမှုမရှိတာကြောင့် ဒီဒေသတွေအတွင်းမှာ ရွေးကောက်ပွဲပြုလုပ်နိုင်ခဲ့တာမရှိကြောင်း သိရပါတယ်။ 

ဥရုချောင်းဒေသဖြစ်တဲ့  နောင်ပိုအောင်၊ နမ့်တော၊ ရေပေါ်မီး၊ စေတီဆိပ်နဲ့ နတ်နန်းဒေသမှာတော့ နတ်နန်းအုပ်စု၊ နောင်ဖာမူအုပ်စု၊ ချင်းတွင်းမြစ်အောက်ပိုင်းဒေသမှာ  ရွှေပြည်အေးမြို့၊ သောင်သွပ်အုပ်စု၊ လောင်းမင်းကျေးရွာအုပ်စုတို့မှာကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *