ဧပြီလ ၁၈ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် အောက်တောင်ပေါ်ကျေးရွာမှာပြုလုပ်တဲ့ သင်္ကြန်ပွဲတော်မှာ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ (၃) ဦးရှိပြီး (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သင်္ကြန်အကြိုနေ့ည ၁၀ နာရီဝန်းကျင်အချိန်မှာ ဆိုင်ကယ်တစ်စီးအတွင်းဝှက်ပြီးထည့်ထားသည့် မိုင်းကိုအဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း ဒေသခံတွေကဆိုပါတယ်။
“အဲ့ဒီ လူစုနေတဲ့ လောင်းကစားဝိုင်းနားမှာ ဆိုင်ကယ်သုံးစီး ထားထားတာ။ အဲ့ထဲမှာတစ်စီးက တူးဘောက်ထဲမှာ မိုင်းထည့်ထားတာ။ အဲ့ဒါကို အဝေးကနေ ကွန်ထိုး(Control)နဲ့ လှမ်းပြီးခွဲတာ။ ပွဲခင်းထဲမှာလည်း အဲ့ဒီ ကွန်ထိုး(Contro)ကို ပြန်တွေ့တယ်။” လို့ ဖြစ်စဉ်ကိုသိသူတစ်ဦးကဆိုပါတယ်။
အဆိုပါဖောက်ခွဲမှု ပြီးပြီးချင်းမှာပဲ အမျိုးသမီးနှစ်ဦး ဖြစ်ပွားသည့်နေရာမှာ သေဆုံးပြီး အမျိုသားတစ်ဦးကတော့ ဟုမ္မလင်းမြို့ရောက်မှသာ သေဆုံးတယ်လို့ ဒေသခံသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ပြောပါတယ်။
” သေတာက သုံးယောက်သေတာ။ နှစ်ယောက်က ပွဲချင်းပြီး သေတယ်။ တစ်ယောက်ကကျတော့ ဟုမ္မလင်းမှာ သေတာ။ ရှစ်ယောက်မှာ လေးယောက်က ဒဏ်ရာရသွားတာ တော်တော်များတယ်။ အကုန်းလုံး ၁၁ ယောက်ထိသွားတာ။ လုံခြုံရေးယူတဲ့သူ တစ်ယောက်မှ မထိဘူး။ အကုန်လုံးပြည်သူတွေချည်းပဲ ထိကုန်တာ။”
အဆိုပါသေဆုံးသူ အမျိုးသမီးနှစ်ဦးကတော့ ဒေါ်ဖြူဖြူဦး နှင့် ဒေါ်ဆန်းနော်ပန် တို့ဖြစ်ပြီး ဟုမ္မလင်းမှာ သေဆုံးသွားတဲ့ အမျိုးသားတစ်ဦးရဲ့ နာမည်ကိုတော့ မသိရှိရသေးပါဘူး။
အဆိုပါ ထိခိုက်သေဆုံးသူတွေထဲမှာ လောင်းကစားပြုလုပ်နေသူအများစုဖြစ်ပြီး အောက်တောင်ပေါ်ဒေသခံတစ်ဦးသာပါဝင်တယ်လို့ သိရပါတယ်။
ဒီမိုင်းဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်ဆိုတာမသိရသေးပေမယ့် သင်္ကြန်ပြီးတဲ့နောက်ပိုင်း ဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ လူငယ်နှစ်ဦးကိုဖမ်းဆီးရမိထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။