ဒီဇင်ဘာ ၁၃ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ တောင်သူလယ်သမားများနှင့် အလုပ်သမားများပူးပေါင်းပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်) နှင့်ဟုမ္မလင်းမြို့နယ်လယ်ယာမြေ စာရင်းဦးစီးဌာနအား ဒီဇင်ဘာ (၁၃)ရက်နေ့ ဆန္ဒပြခဲ့ကြသည်။
အလုပ်သမားရုံးကိစ္စနှင့်ပတ်သက်ပြီး သေချာစစ်ဆေးမှု မရှိဘဲဆုံးဖြတ်ခြင်း၊ တောင်သူလယ်သ မားများကို ပုံစံ(၇)ထုတ်မပေးခြင်း၊ ပုံစံ(၇) အလွှဲမှားများထုတ်ပေးခြင်း၊ မြေနုကျွန်းများ ခွဲဝေမပေးခြင်းတို့ကြောင့် တောင်သူ လယ်သမားနှင့် အလုပ်သမားများ ပူးပေါင်းကာ ဒေသခံ (၄၀၀) ဦးခန့်က ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဦးဆောင်ကျင်းပသူ မဇာဇာကပြောသည် ။
” အလုပ်သမားရုံးနေရာကို လှူဒါန်းလွှဲပြောင်းတယ်လို့လုပ်တာ၊ တကယ်တန်းကြတော့ ဘယ်သူမှလှူဒါန်းမလွှဲပြောင်းဘူး အဲ့ဒီစာချုပ်ကလဲအတုလုပ်ထားတာ ” ဟု၄င်းကဆိုသည်။
အဆိုပါ အလုပ်သမားရုံးမြေနေရာသည် ၂၀၁၆ ခုနှစ်တွင် သက်ဆိုင်ရာများ၏လက်မှတ်မပါဘဲ တဆညပါတီအား လှူဒါန်းလွှဲပြောင်းလိုက်သည်ဆိုသည့်ကိစ္စများအပေါ် အထွေထွေအုပ်ချုပ်ရေးမှူး မှ သေသေ ချာချာ စစ်ဆေးမှုများပြုလုပ်ခြင်းမရှိဘဲ ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်အား ပြန်လည်ရုပ်သိမ်းပေးရန်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
ပုံနွဲ့ကျေးရွာအုပ်စု မန်မော်ကျေးရွာမှ တောင်သူ ဦးမောင်သိန်းသည် “ကျွန်တော်တို့ကျေးရွာအုပ်စုပိုင်တောတောင်မြေနေရာကို လာလို့လုနေလို့ပါ။ ကျွန်တော်တို့ကိုလည်း ဘာမှအကြောင်းမကြား၊ အချိန်မီကန့်ကွက်တာလည်း ဌာနဆိုင်ရာတွေကို ငွေကြေးတွေပေးပြီးတော့မှ ကြိုးစားလုပ်နေတာပဲဆက်ပြီးတော့မှ မြို့နယ်ကိုဆက်ပြီးတော့မှကန့်ကွက်တယ်” ဟုပြောသည်။
အဆိုပါ ဆန္ဒပြပွဲတွင် ပုံစံ(၇)များထုတ်ပေးရန်၊ မြေနုကျွန်းများ စိုက်ပျိုးချိန် အမှီ ခွဲပေးရေး၊ အများပြည်သူနှင့်ဆိုင်သောအလုပ်သမားရုံးပြန်ရရှိရေး၊ အဂတိလိုက်စားမှုများ အလိုမရှိ စသည့်ဆောင် ပုဒ်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။