ဇူလိုင်၂၁၊ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မုက္ကလိကျေးရွာအတွင်းကို ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ကျေးရွာသားများအနေနဲ့ သောက်သုံးရေအခက်အခဲကို ရင်ဆိုင်နေရတယ်လို့ ရွာခံတွေရဲ့ပြောပြချက်အရ သိရှိရပါတယ်။
“အခက်အခဲ့တော့ ရှိတာပေါ့လေ။ ရေကြီးတော့ ရေတွင်းတွေ အကုန်လုံး ရေနစ်ကုန်တယ်။ ရွာဘက်မှာ တော်တော်များများက တုံကင်ရေတွင်းပဲ ရှိကြတယ်။ ရေနစ်သွားရင်တော့ ရေသောက်စရာ မရှိတော့ဘူး။ ” လို့ ဒေသခံ ရှမ်းနီအမျိုးသားတစ်ဦးက ပြောပြပါတယ်။
မုက္ကလိကျေးရွာအတွင်းကို ချင်းတွင်းမြစ်ရေဟာ ဇူလိုင်လ ၁၆ ရက်နေ့မှစ ၁၉ ရက်နေ့အထိ ရေဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။
ရေတွင်းများ ရေနစ်မှုကြောင့် ချင်းတွင်းမြစ်ရေကိုသာ သောက်သုံးရပြီး ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်မှုတွေရှိလာပြီးတဲ့နောက် သောက်သုံးရေအန္တရာယ်ကင်းရှင်းရေးအတွက် စိုးရိမ်မှုတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
“ ချင်းတွင်းမြစ်ရေကိုပဲ သောက်သုံးကြရတယ် ။ ချင်းတွင်းမြစ်ရေကြတော့လည်း ရွှေတွေလုပ်လိုက်တော့ ရေတွေ နှောက်ကျိလာတဲ့အခါကြတော့ သောက်သုံးရတာ သိပ်အဆင်မပြေတော့ဘူးဗျာ့။ နောက်ပြီး ဟင်းသီးဟင်းရွက် လာရောင်းတဲ့သူရှိရင်လည်း စားရတာပေါ့။ ဟင်းရောင်းတဲ့သူတွေ မရှိရင်လည်း ရွာသားတွေက ငါး တွေ ရှာစားရတာပေါ့လေ။” လို့ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာရှိတဲ့ အိမ်ထောင်စု ၅၁ ရာခိုင်နှုန်းကျော်ဟာ အဝီစိတွင်း ၊ အုတ်ရေတွင်း နဲ့ ပိုက်လိုင်းက ရေများသောက်သုံးနေပြီး ၊ အိမ်ထောင်စု ၂၁. ရာခိုင်နှုန်းဟာ မြစ်၊ ချောင်းကရေတွေကို သောက်သုံးနေရတယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့မှာ ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက် လျော့ကျသွားပေမယ့် လာမယ့်ရက်တွေမှ ပြန်မြင့်တက်လာနိုင်တယ်လို့လည်း မိုးဇလက ထပ်မံသတိပေးထားပါတယ်။