

အောက်တိုဘာ ၁၃ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက််ပိုင်း ဟုမ္မလင်းမြို့နယ်မှာ ခရီးသွားလာမှုအတွက် အဓိကမှီခိုနေရတဲ့ လေကြောင်းလိုင်းများ ရက်မှန်ပြေးဆွဲနိုင်ခြင်းမရှိတော့တာကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ ခရီးသွားအကန့်အသတ်တွေ ဖြစ်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ လေယာဉ်က တစ်ပတ်နှစ်ကြိမ်ပဲပြေးတော့ မန္တလေး-ဟုမ္မလင်းပြန်ချင်သူတွေ ဘုန်းကြီးကျောင်းမှာ ပုံလို့နေပြီ။ ပစ္စည်းတွေဆိုလည်း ဗမာဆေးတွေကန့်သတ်ထားတယ်မတင်ရဘူး။ လက်မှတ်ကမရ ပစ္စည်းတွေလည်းမရ ကုန်စျေးနှုန်းတွေကကြီး၊ လူတွေက ဒုက္ခတွေကိုရောက်လို့” လို့ ဟုမ္မလင်းမြို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပြပါတယ်။
မန္တလေး- ဟုမ္မလင်းမြို့ကို လွန်ခဲ့တဲ့ လအနည်းငယ်အထိ တစ်ရက်တာ လေယာဉ် ၃ စီးမှ ၇ စီးအထိ ပြေးဆွဲမှုတွေရှိခဲ့ပြီးနောက် လက်ရှိမှာ တစ်ပတ် ၂ ကြိမ်မှ ၄ ကြိမ် အထိသာပြေးဆွဲတော့တာဖြစ်ပါတယ်။
အခုလိုပြေးဆွဲမှုလျော့နည်းလာတာကြောင့် လေယာဉ်လက်မှတ်တွေက ကျပ် ငါးသိန်းကိုးသောင်းမှ ကျပ် ၁၀ သိန်းအထိ စျေးနှုန်းရှိတယ်လို့ ဆိုပါတယ်။
လေယာဉ်လက်မှတ်အရောင်းဌာနတွေဆီ စုံစမ်းမှုများအရ မန္တလေး-ဟုမ္မလင်း နဲ့ ဟုမ္မလင်း-မန္တလေး လေယာဉ်လက်မှတ်များက လာမယ့် နိုဝင်ဘာလကုန်အထိ မရရှိနိုင်တော့ကြောင်း ဆိုကြပါတယ်။
ဟုမ္မလင်းမြို့အတွက် ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုများရဲ့ မြေပြင်ကုန်းလမ်းပိုင်းများက တိုက်ပွဲကြောင့် လုံးဝရပ်တန့်နေချိန်မှာ လေကြောင်းလိုင်းများလည်း အကန့်အသတ်ရှိလာတာကြောင့် ကုန်စျေးနှုန်းတွေကြီးမြင့် လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ကုန်စည်စီးဆင်းမှုတွေကို ဗန်းမောက်မြို့နယ်ကနေအဓိကအားထားခဲ့ရပေမယ့် လက်ရှိတိုက်ပွဲတွေကြောင့် ရပ်တန့်နေတာပါ။
“ ဟုမ္မလင်းက ရေကြောင်းရော၊ ကုန်းကြောင်းရောအကုန်ပိတ် ၊ပစ္စည်းတွေကလည်းမတင်ရ၊ လေကြောင်းကလည်း တစ်ပတ်ကို ၂ ရက်ပဲထွက်တော့ ဟုမ္မလင်းသားတွေ ဘယ်လောက်ဒုက္ခရောက်သလဲတွေးကြည့်ပါ့” လို့ နမ့်တောဒေသခံတစ်ဦးကဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ ကုန်စျေးနှုန်းအနေနဲ့ ကြက်ဥတစ်လုံးကျပ်သုံးထောင်အထိ မြင့်တက်နေသလို ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် ၆ သောင်းအထိမြင့်တက်နေတာလည်းဖြစ်ပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းကို ART 72-600 အမျိုးအစားတွေနဲ့ အဓိကထားပျံသန်းပြီး ခရီးသည် ၇၀ ဝန်းကျင်သယ်ဆောင်နိုင်တာလည်းဖြစ်ပါတယ်။
အထက်မြန်မာနိုင်ငံကို ပြေးဆွဲတဲ့လေကြောင်းလိုင်းတွေဟာ အကြိမ်အရေအတွက်တွေလျော့နည်းလာပြီး နည်းပါးလာရခြင်းရဲ့အကြောင်းအရင်းကိုမသိရှိဘူးလို့ဆိုကြပါတယ်။
