ဟုမ္မလင်းမြို့မှာ MPT ဖုန်းလိုင်းတွေပြတ်တောက်နေ 

စက်တင်ဘာ ၃ ၊ ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ်အတွင်းမှာ MPT ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသအတွင်းမှ စုံစမ်းသိရှိရပါတယ်။ 

“ နှစ်ရက်သုံးရက်ရှိပြီ လိုင်းပြတ်နေတာ၊​MPT က Cross (ခြတ်ခြေခတ်)  ကိုပြနေတာ၊ Mytel ကတော့ လိုင်းနည်းနည်းမိတယ် သူလည်းပျောက်လိုက်ပေါ်လိုက်ပဲ”​လို့ ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။ 

MPT ဖုန်းလိုင်းပြတ်တောက်ရတဲ့ အကြောင်းအရင်းကိုလည်း ဒေသခံတချို့က ရာသီဥတုဆိုးရွားနေခြင်းကြောင့်လို့ဆိုကြပါတယ်။ 

ရှမ်းနီအသံက ဟုမ္မလင်းဒေသခံတွေကိုင်တဲ့  MPT ဖုန်းတွေကို ဆက်သွယ်ကြည့်ရာမှာလည်း စက်ပိတ်ထားကြောင်းသာ အော်ပရေတာက ပြန်လည်ဖြေဆိုမှုကို ရခဲ့ပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ MPT ကို အဓိကသုံးစွဲနေကြရပြီး အခုလိုပြတ်တောက်မှုတွေကြောင့် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲတွေဖြစ်ပေါ်တယ်လို့ ဆိုကြပါတယ်။ 

ဟုမ္မလင်းမြို့မှာ အခုလိုပြတ်တောက်မှုတွေက မကြာခဏဖြစ်ပေါ်နေပေမယ့် အလွန်ဆုံးတစ်ရက်ခန့်သာဖြစ်ပြီး အခုလို သုံးရက်ကြာအောင်ပြတ်တောက်နေမှုတွေ မဖြစ်ခဲ့ဖူးကြောင်းလည်းသိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးကို ၂၀၂၂ ခုနှစ် မတ်လကတည်းက အင်တာနက်လိုင်းဖြတ်တောက်ထားပြီး တချို့နေရာတွေမှာ 2G ကွန်ရက်နဲ့ ချိတ်ဆက်ပြီးအသုံးပြုလို့ ရတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *