အောက်တိုဘာ ၆ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းမှာ MPT ဖုန်းလိုင်းများပြတ်တောက်မှု တစ်ပတ်နီးပါးရှိလာနေပြီး တခြား အော်ပရေတာတွေကလည်း ပြတ်တောက်မှုတွေဖြစ်ပေါ်လာတာကြောင့် ဖုန်းကဒ်အမျိုးမျိုးဝယ်ဆောင်ထားနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လတ်တလောမှာ MPT နဲ့ စစ်တပ်ပိုင်တဲ့ Mytel ဖုန်းလိုင်းတွေပြတ်တောက်မှုတွေကြောင့် Atom နဲ့ အော်ရီဒူးဖုန်းကဒ်တွေကို ဝယ်ယူသူတွေများပြားနေတယ်လို့သိရပါတယ်။
“ မနေ့က အော်ရီဒူးသွားဝယ်တာတစ်ကဒ်ကို ငါးထောင် ၊ telenor ကတော့ ဖုန်းကဒ်တွေမရှိတော့ဘူးလို့ပြောတယ်။ ခဏလေးဖုန်းကဒ်ဝယ်နေတဲ့အခါတောင်မှာ telenor ကိုလာမေးကြတာ သုံးလေးငါးဦးလောက်ရှိတယ်။ ပစ္စည်းတွေပျက်နေတယ်” လို့ အောက်တိုဘာလ ၅ ရက်နေ့မှာဖုန်းဆင်းကဒ် သွားဝယ််ခဲ့သူတစ်ဦးက ပြောပြပါတယ်။
ဟုမ္မလင်းမြို့မှာ MPT. နဲ့ မိုင်တဲ့ အော်ပရေတာကိုသာ အဓိကထားသုံးစွဲကြတာကြောင့် လက်ရှိဖုန်းလိုင်းပြတ်တောက်တဲ့အခါ တခြားအော်ပရေတာတွေကို ပြောင်းသုံးနေကြတာလို့ ဆိုကြပါတယ်။
ဟုမ္မလင်းမြို့ရဲ့ တချို့နေရာတွေမှာ ဖုန်းလိုင်းအားလုံးပြတ်တောက်မှုတွေလည်းရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးထဲက တချို့မြို့နယ်တွေမှာလည်း ဖုန်းလိုင်းပြတ်တောက်မှုတွေ မကြာခဏဖြစ်ပေါ်ပေမယ့် ရက်ပိုင်းသာ ကြာမြင့်တတ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကို စစ်ကောင်စီက မုံရွာ ၊စစ်ကိုင်း ၊ ရွှေဘို ၊ ကလေးမြို့စတဲ့(၄) မြို့လေးခုမှာ ခုမှလွဲပြီး မြို့နယ်အားလုံးကို အင်တာနက်လိုင်းများ ဖြတ်တောက်ထားတာ(၈) လခန့် ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။