
ဧပြီ ၃၀ ၊နေပြည်တော်
နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား/သူ ၁၅၀၀ ကျော်နဲ့ နိုင်ငံခြားသား ၁၁ ဦးကို ဒီနေ့ ဧပြီ ၃၀ ရက်နေ့မှာ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
အမိန့်စာအမှတ် ၅၀၊ ၅၁ နဲ့ ၅၂ /၂၀၂၆ ဖြင့် ထုတ်ပြန်ခဲ့ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး အမျိုးသားဦးရေအများဆုံးဖြစ်ပါတယ်။
အဆိုပါ လွတ်ငြိမ်းခွင့်မှာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးများ ပါဝင်ပြီး မြစ်ကြီးနားမြို့ရှိ အကျဉ်းထောင်မှ အကျဉ်းသား (၃၀)ဦးကျော်လည်း ပါဝင်တာဖြစ်ပါတယ်။
ဒီနေ့ လွတ်ငြိမ်းထဲမှာ ရွေးကောက်ပွဲဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့အနုပညာရှင်လေးဦးလည်း လွှတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။
လွတ်ငြိမ်းခွင့်ကို ကဆုန်လပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူလူထု နှလုံးစိတ်အေးချမ်း စေရေး၊ လူသားချင်းစာနာထောက်ထားမှုကိုအလေးထားတဲ့အနေနဲ့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကို ပြန်လည်ပါဝင်လာစေရန်ရည်ရွယ်ပြီး ပေးအပ်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အရင် လွတ်ငြိမ်းခွင့်တွေမှာပေးတဲ့ စည်းကမ်းချက်အတိုင်း “နောက်တစ်ကြိမ် ပြစ်မှုထပ်ကျုးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကိုပါ ဆက်ကျခံရမယ်” ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
လွတ်ငြိမ်းခွင့်ရသူများအပြင် ကျန်ရှိနေသော အကျဉ်းသားများအတွက်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ မတိုင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုများနဲ့ ဆက်စပ်ပြီး ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေထဲက ၆ ပုံ ၁ ပုံ ကို လွတ် ငြိမ်းသက်သာခွင့်ပြုကြောင်း ထပ်မံကြေညာခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရဟာ မြန်မာနှစ်သစ်ကာလမှာလည်း အကျဉ်းသား/သူ (၄၃၃၅) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး ရက်ပိုင်းအကြာမှာ နောက်ထပ် ပြန်လွတ်ပေးခဲ့တာပါ။
နှစ်သစ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အထဲ သမ္မတ ဦးဝင်းမြင့်ကိုလည်း သီးခြားလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ်။
