
မတ် ၂ ၊ ရန်ကုန်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ ၅၂ (က) တို့ဖြင့် တရားစွဲဆိုခံထားရသူ နဲ့ ဒီအမှုတွေကြောင့် တိမ်းရှောင်နေသူ စုစုပေါင်း (၂)သောင်းနီးပါးကို အမှုပိတ်သိမ်းလိုက်တယ်လို့ စစ်ကော်မရှင်က ဒီနေ့ ဖေဖော်ဝါရီ(၂)ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဒီနေ့ တောင်သူလယ်သမားနေ့အထိမ်းအမှတ်မှာ ဒီပုဒ်မတွေနဲ့ အကျဉ်းကျနေသူ (၇၃၃၇)ဦး တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သလို တိမ်းရှောင်နေသူ (၁၂၄၈၇) ဦးတို့ကိုလည်း အမှုရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ဒီအမှုတွေက (၂၀၂၁)ခုနှစ်နောက်ပိုင်းမှ အာဏာသိမ်းမှုကြောင့် စွဲဆိုထားတဲ့အမှုတွေဖြစ်ပြီး အကြမ်းဖက်မှုနဲ့ လွတ်ငြိမ်းခွင့်ပေးတာ အခုပထမဆုံးအကြိမ်လဲဖြစ်ပါတယ်။
(၂၀၁၄ )ခုနှစ်မှာ စစ်တပ်ကစတင်ပြဌာန်းခဲ့တဲ့ဒီဥပဒေက အကြမ်းဖက်မှုကျူးလွန်သူ၊ အားထုတ်သူ၊ အားပေးကူညီလှုံ့ဆော်သူနဲ့ ကူညီဆောင်ရွက်ပေးသူများအားလုံးဟာ ဒီဥဒေနဲ့ငြှိစွန်းတာ ဖြစ်ပါတယ်။
ဒါ့အပြင် အမှုအမျိုးမျိုးနဲ့ အချုပ်ထောင် /အကျဉ်းထောင်/စခန်းအသီးသီးမှာ ချုပ်နှောင်ခံထားရသူ (၂၈၂၅)ဦးတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။
နောက်ထပ် နိုင်ငံအချင်းချင်းမိတ်မပျက်ဆက်ဆံရေးကြောင့်ဟုဆိုကာ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၁၀)ဦးတို့ကိုပါ တစ်ပါတည်းလွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရပါတယ်။
စစ်ကော်မရှင်က အခုမတ်လလယ်ကနေ အဓိကကျတဲ့လွှတ်တော်(၃)ရပ်ကို ခေါ်ယူသွားမှာဖြစ်ပြီး ဒီလွှတ်တော်အသစ်ကနေ အစိုးရအသစ် ပေါ်ထွက်လာမှာဖြစ်တာကြောင့် အခုလိုလွတ်ငြိမ်းရုပ်သိမ်းပေးတာဖြစ်တယ်လို့ မှတ်ချက်ပေးမှုတွေ ရှိနေပါတယ်။
