အင်းတော်ကြီးကန်ထဲငါးမဖမ်းရရာသီတွင်  အဆက်မပြတ်ငါးဖမ်းမှုကြောင့်ငါးရှားပါးလာမှုနဲ့ကြုံတွေ့နေရ

ဇွန် ၂၄​ ၊​ အင်းတော်ကြီး 

အင်းတော်ကြီးကန်အတွင်း  ငါးမဖမ်းရရာသီ ( ရေပြာကာလ) မှာ  အဆက်မပြတ်ငါးဖမ်းမှုကြောင့် ငါး ရှားပါးလာမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရှိရပါတယ်။။ 

အင်းတော်ကြီးကန်ထဲ ငါးမဖမ်းရကာလ(ရေပြာကာလ)ကို ဧပြီလ ကနေ ဇွန်လ အထိ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ 

အရင်ကတော့ရေပြာဆိုတာရှိတယ်လေ။အခုတော့မရှိတော့ဘူး။စည်းကမ်းကတော့ဘာသံမှကိုမကြားရတော့တာ။ရေပြာကိုတောင်မှအရင်ကခေါ်ခဲ့တာပဲရှိတော့တာ။အရင်ကတော့ရေပြာဆိုလို့ရှိရင်ဘယ်သူမှမရှာရတော့ဘူး။လိုက်ပြီးတော့မှဖမ်းတာကိုး။အခုတော့ရေပြာချိန်လည်းမနားတော့ဘူးရေရှည်ကိုဖမ်းကြတော့တာ။လို့ဒေသခံ တံငါသည်တစ်ဦးပြောပြပါတယ်။ 

အင်းတော်ကြီးကန်အတွင်း ရေပြာကာလ သတ်မှတ်ပြီး လုပ်ဆောင်ခဲ့ကြပေမယ့် ယခုဆက်လက်လုပ်ဆောင်မှုမရှိခဲ့သည်မှာ နှစ်နှစ်ဆယ်ကျော်ရှိတော့မယ်လို့  ၎င်းက ဆက်လက်ပြောပြပါတယ်။

ငါးမဖမ်းရရာသီမှာ သက်ဆိုင်ရာတွေက ငါးဖမ်းသူတွေကို လိုက်လံဖမ်းဆီးအရေးယူမှုတွေရှိပေမယ့် ယခုနှစ်တွေမှာ မတွေ့ရှိရတော့ဘူးလို့ဆိုပါတယ်။ 

ထိန်းပြီးတော့လိုက်ဖမ်းတာတွေကျဲလာတာကနှစ်နှစ်ဆယ်ကျော်တောင်ရှိတော့မယ်။ရဲတွေရှိရင်လည်းသိပ်အရေးမလုပ်ချင်ကြဘူးလေ။တွေ့တဲ့အခါလေးတွေရှိရင်တော့ဖမ်းလိုက်တယ်။ဖမ်းတယ်ဆိုတာကလည်းဟိုလိုမျိုးကြီးဖမ်းလိုက်တာတော့မဟုတ်ဘူး။ပိုက်ဆံလေးတောင်းလိုက်ပြန်လွတ်လိုက်အဲ့လိုတွေလေ။

အင်းတော်ကြီးကန်အတွင်း  ငါးအလွန်အကျွံဖမ်းမှုတွေကြောင့် ယခုနှစ်မှာ အတွေ့ရအများဆုံးငါးမျိုးစိတ်က ငါးဖယ်အောင်းဖြစ်ပြီး မတွေ့ရှိရတော့တဲ့ ငါးအမျိုးအစားတွေက ငါးဖမ်း နှင့် ငါးသိုင်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

အင်းကမ်းစပ်ကျေးရွာတွေဖြစ်တဲ့ လွဲမွန် ၊ ညောင်ပင် ၊ မမုန်ကိုင် ၊ လုံးစန့် ၊ ဟဲပု ၊ ဟဲပါး ၊ နမ့်မော်ကန် စတဲ့ ကျေးရွာတွေက တံငါတွေအများဆုံးဖမ်းကြတာဖြစ်ပြီး တချို့ အညာဒေသကနေ လာရောက်အခြေချပြီး လုပ်ကိုင်မှုတွေလည်းရှိနေပါတယ်။ 

အင်းတော်ကြီးကန်ထဲမှာ  ငါးမျိုးစိတ်ပေါင်း ၉၃ မျိုးရှိပြီး အဲ့ထဲမှာ ရှားပါးငါးမျိုးစိတ် (၇) မျိုးရှိနေထိုင်ကျက်စားကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *