အင်းတော်ကြီးကန်အတွင်းတရုတ်ထုတ်ငါးဖမ်းပိုက်ဖြင့်ငါးဖမ်းနေမှုကိုတားဆီးပေးဖို့ဒေသခံတွေလိုလား

ဩဂုတ် ၂၇၊ အင်းတော်ကြီး

အင်းတော်ကြီးကန်တွင်းမှာ တရုတ်နိုင်ငံထုတ် ငါးဖမ်းပိုက် ( တာကောမြုံး) ဖြင့် တံငါသည်တချို့ ငါးဖမ်းနေမှုကို တားဆီးပေးဖို့ ဒေသခံတွေက လိုလားနေကြတယ်လို့ ရှမ်းနီအသံကိုပြောပါတယ်။ 

ကန်အတွင်းရှိ အသေးဆုံးသော ပုစွန်ဆိတ်မှအစ မလွတ်နိုင်သည့် တရုတ်ထုတ် ငါးဖမ်းပိုက်တွေနဲ့ ငါးဖမ်းမှုတွေဟာ ငါးသယံဇာတ ပျက်စီးဆုံးရှုံးစေပြီး မျိုးသုဉ်းမှုတွေဖြစ်ပေါ်စေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

“ အင်းတော်ကြီးကန်အတွင်းမှာ ငါးမျိုးသုဉ်းမယ့်အနေအထားက ဒီလိုငါးဖမ်းပစ္စည်းမျိုးတွေရှိရင်နေရင်တော့ ပိုလို့သုဉ်းသွားနိုင်တယ်။ ပုဇွန်စိတ်တောင်မှ မလွတ်နိုင်တဲ့အခြေအနေရှိတယ် တာကောငါးဖမ်းပိုက်နဲ့ မိပြီဆိုရင်။ ဖမ်းတာက အောက်ပြည်ကနေလာအခြေချသူတွေက အဲ့ဒီတာကောမြုံးကိုသုံးတာများတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

တရုတ်ငါးဖမ်းပိုက်(တာကောမြုံး) တွေဟာ နှစ်လက်မအရွယ်ငါး ၊ ပုဇွန်စိတ်တွေအားလုံးကို ပမာဏများများကို အချိန်တိုတိုအတွင်း ဖမ်းဆီးနိုင်ခြင်းဖြစ်တယ်လို့ တံငါသည်တွေက ဆိုပါတယ်။ 

ဒါ့အပြင် မိသားစုစားဝတ်နေရေးအတွက် အချိန်တိုတိုအတွင်းမှာ ဖြေရှင်းနိုင်လို့ တံငါသည်တွေ အသုံးပြုနေကြတာဖြစ်တယ်လို့ အင်းတော်ကြီးအရှေ့ကမ်းရှိ တံငါသည်တစ်ဦးက ပြောပါတယ်။

“ ဘာလို့သုံးကြသလဲဆိုတော့ မိသားစု လောလောဆယ်သူက ဖြေရှင်းပေးနိုင်တော့ အဲ့တာပဲသုံးကြတာ၊ သူက မိသားစုအတွက်ကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်လို့ အဲ့တာကိုသုံးကြတာ” လို့ တံငါသည်တစ်ဦးကပြောပါတယ်။ 

အခုတာကောပိုက်အသုံးပြုပြီး ဆက်ဖမ်းနေရင် လာမယ့် နှစ်အနည်းငယ်အတွင်း ကန်အတွင်း ငါးမျိုးစိတ်တွေ မျိုးသုဉ်းသွားနိုင်တယ်လို့ တံငါသည်တွေကိုယ်တိုင် ပြောဆိုထားပေမယ့် ဆက်လက်အသုံးပြုနေရတယ်လို့လည်း ဆိုပါတယ်။ 

တရုတ်ငါးဖမ်းပိုက်တွေကို  ကုန်သည်တွေက တံငါသည်တွေအတွက် တရုတ်နိုင်ငံကနေ မှာယူတင်သွင်းပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ 

အင်းတော်ကြီး ရပ်မိရပ်ဖတွေက  အခုလို တင်သွင်းမှုတွေကို ပိတ်ပင်ပေးနိုင်ရင် အင်းအတွင်းက ငါးမျိုးစိတ်တွေ မျိုးမသုဉ်းသွားစေရေး ကာကွယ်ပေးရာရောက်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *