စက်တင်ဘာ ၂၉ ၊ အင်းတော်ကြီး
အင်းတော်ကြီးကန်အတွင်းကို ယခုနှစ်မှာ ဘေးမဲ့တောနှင့် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနတို့က ငါးအကောင်ရေ တစ်သိန်းကျော် ပြန်စိုက်ထည့်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့မှာ အင်းတော်ကြီးကန်အတွင်း ငါးမျိုး အကောင်ရေ တစ်သိန်း စိုက်ထည့်တဲ့ အခမ်းအနားတစ်ရပ်ကို ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထိုပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံဆီကနေ သိရပါတယ်။
ကန်အတွင်း နှစ်စဥ် ငါးပြန်စိုက်ထည့်ခဲ့ပြီး ဒီနှစ်ပြန်စိုက်ထည့်တဲ့ ငါးအကောင်ရေတစ်သိန်းထဲမှာ ငါးမျှစ်ချင်းနှင့် ထိုင်းငါးခုံးမ တွေကိုအဓိကပါဝင်တယ်လို့ ဆိုပါတယ်။
“ နှစ်တိုင်းကို ငါးမျိုးကတော့ စိုက်ထည့်ရတယ်လေ သူတို့။ သုဥ်းလို့ထက်ကို ဒီထက်ကို ပြန့်ပွားအောင်ပါ့အေး။ တစ်ချို့ ပုဂ္ဂလိက ဟိုမျိုးတွေလည်း လာထည့်တယ်” လို့ တက်ရောက်ခဲ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနကအနေ အင်းတော်ကြီးကန်အတွင်းကို ၂၀၂၁ ခုနှစ်အထိ နှစ်စဉ် ငါးအကောင်ရေ သုံးသိန်းကျော်စိုက်ဝင်ထားပေးခဲ့တယ်လို့ စာရင်းမှတ်တမ်းတွေအရ သိရပါတယ်။
အင်းတော်ကြီးကန်အတွင်း ကျက်စားကြတဲ့ ငါးမျိုးစိတ်တချို့လည်းပျောက်ကွယ်သွားပြီး ငါးအလွန်အကျွံဖမ်းဆီးနေမှုတွေဟာ ငါးသယံဇာတ ပြုန်းတီးဖို့အတွက် ခြိမ်းခြောက်နေတယ်လို့ အင်းတော်ကြီးဒေသခံတွေက ပြောဆိုနေကြပါတယ်။
အင်းတော်ကြီးကန်အတွင်း ငါးအလွန်အကျွံဖမ်းမှုတွေကြောင့် ယခုနှစ်မှာ အတွေ့ရအများဆုံးငါးမျိုးစိတ်က ငါးဖယ်အောင်းဖြစ်ပြီး မတွေ့ရှိရတော့တဲ့ ငါးအမျိုးအစားတွေက ငါးဖမ်း နှင့် ငါးသိုင်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
အင်းတော်ကြီးကန်ထဲမှာ ငါးမျိုးစိတ်ပေါင်း ၉၃ မျိုးရှိပြီး အဲ့ထဲမှာ ရှားပါးငါးမျိုးစိတ် (၇) မျိုးရှိနေထိုင်ကျက်စားကြတာလည်းဖြစ်ပါတယ်။
အင်းတော်ကြီးဒေသတွင် ရှိ ကျေးရွာတွေထဲကမှ တံငါလုပ်ငန်းလုပ်ကိုင်တဲ့ ကျေးရွာ(၁၇)ရွာရှိပြီး လုပ်ကိုင်သူ (၃၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။