အင်းတော်ကြီးဒေသကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လမ်းတချို့နဲ့ရေလယ်ဘုရားကြီးရင်ပြင်တွင် အက်ရာများဖြစ်ပေါ်ခဲ့

ဇွန် ၁ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသကို ဗဟိုပြုပြီး  မေလ ၃၁ ရက် ညနေပိုင်း ၅ နာရီ မိနစ် ၅၀အချိန်တွင်   အင်အားအသင့်အတင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ အင်းတော်ကြီး အင်းဘေးဝဲယာရှိ ဒေသခံများထံမှ သိရပါတယ်။ 

အဆိုပါငလျင်ဟာ  အင်းတော်ကြီးဒေသတစ်ခုလုံးတွင် လှုတ်ခတ်ခဲ့တာဖြစ်ပြီး တစ်မိနစ်ဝန်းကျင်ခန့် ကြာမြင့်ခဲ့ကာ  ငလျင်ကြောင့် အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားကြီး ရင်ပြင်ပေါ်ရှိ နဂိုရှိပြီးသား အက်ကြောင်းဟရာတွေက အရာပိုထင်လာတယ်လို့လည်း ဆိုကြပါတယ် ။

  “ နတ်စင်အကျော်နားလေးမှာ အက်ရာဖြစ်သွားတယ် ဘုရားရင်ပြင်အတက်နားလေးမှာပေါ့ တစ်ခြားနေရာတွေကတော့ ငလျင်လူပ်သွားတာကြောင့် ရေလွှတ်ဆောင်ပေါ်က ခုံပေါ်တင်ထားတဲ့ဘုရားတွေအကုန်လုံး ပြုတ်ကျပြီး  နဂါးရုံဘုရားဆူအသေးလေး နှစ်ဆူကျိုးသွားတယ် ဉာဏ်တော်တစ်ထွာကျော်ကျော်လေးတွေရှိတဲ့အဆူတွေ ၊  ဘုရားရင်ပြင်မရောက်ခင် ကွန်ကရစ်လမ်းလေးလည်း လမ်းပြတ်အက်ရာ ဖြစ်သွားခဲ့တယ်” လို့  ဘုရားဂေါပက  ဦးစိန်ဝင်းက ပြောပြပါတယ်။ 

ငလျင်သည် အင်းတော်ကြီး အနောက်ကမ်းဘက်မှာ ဗဟိုပြုထားပြီး ရစ်ချတာစကေး ၅.၉ ဖြင့် ငလျင် အင်အားအသင့်အတင့် ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ငလျင်ဗဟိုပြုသည့် အနီးရှိ    မိုင်းနောင်ကျေးရွာတွင်လည်း ပျက်စီးမှုအများအပြားရှိခဲ့ပြီး မိုင်းနောင်ကျေးရွာအထွက်တွင် ကွန်ကရစ်လမ်းအက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ကျေးရွာဒေသခံတစ်ဦးက ပြောပြပါတယ်။ 

  “ မိုင်းနောင်နဲ့နန့်မွန်းကြားမှာ မိုင်းနောင်အထွက်ပေါ့ လမ်းအက်သွားတယ် နဲနဲနိမ့်ကျသွားတာပေါ့ ကတ္တရာလမ်း ဒီမနက်ထိတောင်လူပ်တုန်း တစ်ညလုံးလိုလိုမဟုတ်ပေမယ့် ရံဖန်ရံခါလူပ်တာ သိပ်မကြမ်းတာ ဒီမနက်ခုတင်လေးတောင်လှုပ်သွားသေးတယ် ဒီမနက်တောင်သုံးကြိမ်လားမသိဘူး ရှိပြီ” လို့  ဒေသခံတစ်ဦးကပြောပြပါတယ်။ 

  ငလျင်ဒဏ်ကြောင့် အင်းတော်ကြီးဒေသအတွင်းရှိ ကျေးရွာအချို့က မီးကြိုးများပြတ်တောက်ခြင်း၊ ဟဲပုကမ်းခြေ နှင့် မိုင်းနောင်ကျေးရွာအတွင်းမှာ မြေအက်ကြောင်းများဖြစ်ပေါ်ခြင်း၊ ကုန်းမနကျေးရွာဘုရား ထီးတော်ကျိုးကြခြင်း၊ အိမ်ခြံဝင်းအုတ်တံတိုင်းပြိုကျခြင်း၊ ရွှေမဉ္ဇူရေလည်ဘုရားပေါ်ရှိ ကမ္မည်းစာကျောက်ပြားများ ကွဲကျခြင်း အပြင် တစ်ခြားလူနေအိမ်အတွင်းရှိ တီဗီများ ၊အိမ်သုံးပရိဘောဂများပျက်စီးခြင်းများ ရှိခဲ့သည်ဟု သိရပါတယ်။ 

အင်းတော်ကြီးဒေသမှာ အင်အားအသင့်အတင့်ရှိတဲ့  ငလျင်လှုပ်ခတ်မှုဟာ ယခုကဒုတိယအကြိမ်လှုတ်ခတ်မှုဖြစ်ပြီး ပထမအကြိမ်ကို ၁၉၈၈-၈၉ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း ကျေးရွာဒေသခံများ၏ ပြောကြားချက်အရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *