ဒီဇင်ဘာ ၂၅ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသမှာ ယခုနှစ် စိုက်ပျိုးခဲ့တဲ့ မိုးစပါးတွေဟာ အထွက်နှုန်းလျော့ကျမှုတွေကြောင့် အရှုံးပေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ တောင်သူတွေက ရှမ်းနီအသံကို ပြောပါတယ်။
“ လယ်သမားတွေတော်တော်များများအရှုံးပေါ်ကြတယ်။ စပါးအထွက်လျော့တယ်လေး။ တချို့ဆို ရိတ်ချွေခတောင်ပြန်မရဘူး စပါးက”လို့ အင်းတော်ကြီး အင်းမြှီးဒေသမှ တောင်သူတစ်ဦးက ပြောပါတယ်။
စပါးအထွက်နှုန်းလျော့ရတာဟာ ရာသီဥတုဖောက်ပြန်ကာ မိုးများတာကြောင့် တစ်ဧက အထွက်နှုန်း ၃၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ တခြားဘက်တော့ မသိဘူး။ မနှစ်ကဆို တစ်ဧကကို ၈၀ ကနေ ၁၀ ထွက်တယ်။ ဒီနှစ်က မိုးဖျက်လို့ ၃၀ ၊ ၅၀ ဝန်းကျင်ဘဲ တစ်ဧကကိုထွက်တာ၊ ရာသီဥတုကြောင့်ပါ့ ” လို့ သူက ဆက်ပြောပါတယ်။
စပါးရိတ်သိမ်းချိန်မှာလည်း တောင်သူတွေဟာ ရိတ်ခြွေစက် ရှားပါးမှု ၊ ကောက်ရိတ်သမ ရှားပါးမှုတွေနဲ့ ကြုံရပြီး တစ်ပိုင်တစ်နိုင်သာ ရိတ်သိမ်းခဲ့ကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိစပါးစျေးကွက်တွေဟာ တရုတ်နယ်စပ်ဂိတ်ပိတ်လိုက်တာကြောင့် စျေးနှုန်းထက်ဝက်ကျဆင်းနေဆဲလို့ စုံစမ်းသိရပါတယ်။
တရုတ်နယ်စပ်ဂိတ်ပိတ်ပြီးနောက် ကုန်သွယ်ရေးရပ်တန့်နေသလို အင်းတော်ကြီးဒေသမှာ စပါးဝယ်တဲ့ ကုန်သည်တွေ ဝင်ရောက်လာခြင်းမရှိတာကြောင့် အခုနှစ်ထွက် ကောက်သစ်စပါးတစ်တင်းကို ကျပ်(၈)ထောင်ဖြင့်သာ ရောင်းချနေကြရတယ်လို့ တောင်သူများထံမှ သိရပါတယ်။
ယမန်နှစ်ကတော့ အရည်အသွေးအနိမ့်ဆုံး ကောက်သစ် စပါးတစ်တင်းကို ကျပ်တစ်သောင်းခွဲထိ ပေါက်စျေးရရှိပြီး ဒီနှစ်မှာ အရည်အသွေးအမြင့်ဆုံးစပါးတစ်တင်းကို ကျပ်(၈)ထောင်သာ ရောင်းချကြရတာလည်းဖြစ်ပါတယ်။
ဒါဟာ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေပိတ်ပင်ထားမှုများအပါအဝင် စပါးကုန်သည်များအင်းတော်ကြီးဒေသအတွင်းကို ဝင်ရောက်နိုင်ဖို့အတွက် အခက်အခဲများစွာရှိနေတာကြောင့်ဟု သိရပါတယ်။
ယခုနှစ်မှာ မိုးညှင်းမြို့နယ်အတွင်း မိုးများမှုနဲ့ ရေကြီးရေလျှံမှုတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် တစ်ချို့လယ်ယာစိုက်တောင်သူများက (၄)ကြိမ်ထိတိုင် ပြန်လည်စိုက်ပျိုးခဲ့တာတွေရှိခဲ့သလို မရိတ်သိမ်းနိုင်ခဲ့သော လယ်ဧကထောင်ချီလည်း ရှိနေကြောင်း သိရပါတယ်။