အင်းတော်ကြီးဒေသချောင်းဝကျေးရွာလယ်တောတဲမှာနေတဲ့အသက်၈၂နှစ်အရွယ်အဖိုးအိုတစ်ယောက်သတ်ခံရ 

ဇူလိုင် ၃၁ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာ  ကုလားကုန်းအနီးမှာ ရှိတဲ့ လယ်တောတဲက အသက် ၈၂ နှစ်အရွယ် အဖိုးအိုတစ်ယောက် ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ  အသတ်ခံရတယ်လို့ သူ့ဆွေမျိုးနဲ့ သူ့လယ်တောအနီးက တောင်သူတွေဆီကနေ သိရပါတယ်။ 

“ ကျည်က ညာဘက်ကပုခုံးစောင်းကနေဝင်ပြီး ဘယ်ဘက်ချိုင်းအောက်မှာ ပွင့်ထွက်သွားတယ် ။ ကျည်ဆန်ကတစ်ချက်တည်း ” လို့ ဒေသခံတောင်သူတစ်ဦးက ပြောပြပါတယ်။ 

သေဆုံးသူ ဦးမောင်မောင်ရဲ့လယ်တောတဲမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဇူလိုင်လ ၂၅ ရက်နေ့ကစ မနေ့က ဇူလိုင်လ ၃၀ ရက်နေ့ထိ နေထိုင်နေကြောင်း  သိရပါတယ်။ 

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး  KIA ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ သူ့ဆွေမျိုးနီးစပ်သူတွေက ဆိုပါတယ်။ 

KIA ဘက်က ပြောဆိုမှုတွေအရ ထောင်ထားတဲ့ သေနတ်ကို တပ်သားတစ်ဦး ဖမ်းဆွဲလိုက်တဲ့အခါ ကျည်ထွက်သွားတာဖြစ်ပြီး ၊ ဒီဖြစ်စဉ်ကြောင့် သေဆုံးသူအတွက် ကုန်ကျစရိတ်ကိုလည်း တာဝန်ယူမယ်လို့ ပြောဆိုကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ 

မိုးညှင်းကို အလောင်းပြန်သယ်ဖို့အတွက် တားဆီးခံရမှုတွေကြောင့် ချောင်းဝသုဿာန်မှာ ထားရှိထားပြီး  ဩဂုတ်လ ၁ ရက်နေ့မှာ သဂြိုလ်မယ်လို့သိရပါတယ်။ 

သူက ချောင်းဝကျေးရွာ ဇာတိသားဖြစ်ပြီး မိုးညှင်းမြို့မှာ ကျောင်းဆရာအဖြစ်နှစ်ပေါင်းများစွာ စာသင်ကြားခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကစ ကုလားကုန်းအနီးမှာ တစ်ဦးတည်းလယ်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *