အင်းတော်ကြီးဒေသမိုင်းနောင်ကျေးရွာတွင်ဆယ်စုနှစ်အတွင်းရေကြီးရေလျှံမှုအကြီးမားဆုံးဖြစ်ပွားခဲ့ 

ဇူလိုင် ၂၈ ၊ မိုင်းနောင် 

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ဆယ်စုနှစ်တစ်ခုအတွင်း ရေကြီးရေလျှံမှု အကြီးမားဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ရပ်မိရပ်ဖတွေက ပြောဆိုကြပါတယ်။ 

ဇူလိုင်လ ၂၇ ရက်နေ့မှာ မနက်ပိုင်းမှာ မိုးသည်းထန်စွာရွာပြီး မိုင်းနောင်ကျေးရွာအနောက်ဘက်ရှိ ခေါင်းတုန်းချောင်း နှင့် နန့်စင်ချောင်းရေကြီးရေလျှံဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

“ ဒီဆယ်နှစ်အတောအတွင်းမှာ ရေအကြီးဆုံးပဲ။ မိုင်းနောင်ခေါင်းတုန်းချောင်းရယ်၊​နန့်စင်ချောင်း၊  မိုးလင်းသွားကြည့်တော့ မိုင်းနောင်အထက်တန်းကျောင်းရဲ့ အုတ်တံတိုင်းတစ်ခြမ်းရေတိုက်ပြီးတော့မှ ပြိုသွားတယ်။ လဲသွားတယ်။ ပျက်စီးသွားတယ်။ ပြီးတော့မှ ရွာမရပ်ကွက်ကို ရေထိုးသွားလိုက်တာ အဲ့ဒီက အိမ်တွေမှာ နွံတွေသဲတွေ သွားဖို့တာ လမ်းမကြီးကလည်း ချောင်းလိုဖြစ်သွားတာ” လို့ ရပ်မိရပ်ဖ တစ်ဦးက ပြောပြပါတယ်။ 

မိုင်းနောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၏ မြောက်ဘက်  အုတ်တံတိုင်းကို ချောင်းတုံးချောင်းရေတိုက်စားပြီး အုတ်တံတား ပေတစ်ရာနီးပါးအုတ်တံတိုင်းပြိုကျသွားတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဒါ့အပြင် မိုင်းနောင်ကျေးရွာ ဆင်ဖြူကျွန်းရပ်ကွက်တွင်လည်း နန့်စင်ချောင်း တာရိုးကျိုးပြီး  ရပ်ကွက်နှင့် အနီးတဝိုက်ရှိ စပါးစိုက်ပျိုးထားသည့် လယ်များ ရေနစ်မြှုပ်ခဲ့တယ်လို့သိရပါတယ်။  

“ ဒီနှစ်က ဆယ်ခေါင်းတောင်က တအားပြိုတယ်။  ဆယ်နှစ်အတွင်းမှာ မြေပြိုတာလည်းမရှိဘူး ရေကြီးတာလည်းမရှိဘူး” လို့ မိုင်းနောင်ဒေသခံတစ်ဦးက ဆိုပါတယ်။ 

မိုင်းနောင်ကျေးရွာအနောက်ဘက် နဲ့ အနီးတဝိုက်တွေမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်း ရွှေအလွန်အကျွံတူးဖော်မှုတွေရှိနေပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုးရွားလာနေတဲ့ ဒေသတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

ဇူလိုင်လ ၂၇ ရက်နေ့မှာ  မိုင်းနောင်ကျေးရွာအပြင် အင်းတော်ကြီးဒေသ အနောက်ကမ်းရှိ ချောင်းတချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။ 

အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာလည်း နန့်မွန်းချောင်းရေကြီးရေလျှံဖြစ်ကာ ရွာလယ်လမ်းပေါ် ၄ ပေအထိ ရေလွှမ်းမိုးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *