အင်းတော်ကြီးဒေသမိုင်းနောင်ကျေးရွာအနောက်ဘက်မှာ KIA+PDF နှင့်စစ်ကောင်စီတို့ထိတွေ့တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၁၃ ၊ မိုင်းနောင် 

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ၏ အနောက်ဘက် မြွေတောင်လယ်သွားလမ်းမှာ ဒီနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ KIA+PDF နှင့် စစ်ကောင်စီစစ်ကြောင်းတို့  ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

“ လက်နက်ကြီးသံတွေကြားရတာပါ့၊ အဲ့မှာဂိတ်ရှိတယ်လေ။ သိပ်မကြာလိုက်ဘူး နာရီဝက်ပတ်ဝန်းကျင်လောက်ပဲ ၊ မနက်ဝေလီဝေလင်းတက်သွားတယ်တဲ့ မြင်တဲ့သူတွေက ။ ၆ နာရီလောက်ကို အသံကြားပြီလေ။ ငါတို့ရွာနဲ့ နှစ်မိုင်လောက်ပဲဝေးတယ်။ အဲ့မှာဂိတ်ထိုင်ထားတယ်လေ” လို့ မိုင်းနောင်ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာ စက်တင်ဘာလ ၁၂ ရက်နေ့ညနေပိုင်းမှာ နန့်မွန်းမြို့ကနေ မိုင်းနောင်ကျေးရွာဘက်ကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ မိုင်းနောင်ကျေးရွာအနောက်ဘက်ရွှေမှော်ရှိတဲ့ နေရာတွေကို  စစ်ကြောင်းထိုးဝင်ရောက်သွားတာလည်းဖြစ်ပါတယ်။ 

တိုက်ပွဲဟာ နာရီဝက်ခန့်သာကြာမြင့်ခဲ့ကာ မနက်ပိုင်းမှာ ပြန်ငြိမ်သွားပြီး စစ်ကောင်စီစစ်ကြောင်းကတော့  ပြန်ဆုတ်လာခြင်းမတွေ့ရှိရသေးဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။ 

တိုက်ပွဲကြောင့် ကျေးရွာထိခိုက်မှုတစ်စုံတစ်ရာမရှိပေမယ့် နှစ်ဖက်တပ်တွေထိခိုက်သေဆုံးမှုကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။ 

မိုင်းနောင်ကျေးရွာအတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လကလည်း စစ်ကြောင်းထိုးဝင်ရောက်မှုတွေရှိခဲ့ပြီး အဲ့အချိန်က တိုက်ပွဲမဖြစ်ပွားပေမယ့် မိုင်းကွဲမှုတွေနဲ့  စစ်ကောင်စီစစ်ကြောင်းရဲ့ စစ်ဆေးမခံသည့် အရပ်သားတစ််ဦး ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *