စက်တင်ဘာ ၁၆ ၊ အင်းတော်ကြီး
အင်းတော်ကြီး အင်းမြှီးဒေသမှာ ဒီနှစ်စိုက်ပျိုးတဲ့ စပါးစိမ်းတွေကို ပေါက်စျေးထက် ရောင်းချပေမယ့် ဝယ်လက်မရှိမှုတွေနဲ့ ကြုံတွေ့နေရတယ်တယ်လို့လည်းဆိုပါတယ်။
အင်းတော်ကြီးဒေသမှာ စပါးစိမ်းတွေကို လက်ရှိပေါက်စျေးဖြစ်တဲ့ တစ်တင်း ၄၀၀၀ ကျပ်ထက် လျော့ချရောင်းနေပေမယ့်လည်း မဝယ်ယူကြသေးဘူးလို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။
“ စပါးစိမ်းက ရောင်းတဲ့သူပဲရှိတာ။ ဝယ်တဲ့သူမရှိဘူး။ သုံးထောင်စျေးက ရောင်းတဲ့သူပဲရှိတာ ဝယ်တဲ့သူမရှိဘူး ။ အရင်တုန်းကစပါးကအရင်က တစ်သောင်း နှစ်ထောင်တောင်ရှိတာ။ ဒီမှာတွေက ဝယ်တောင်မဝယ်ရဲကြဘူး။လယ်မကောင်းတော့”လို့ ဝှေဖာဆေကျေးရွာ စပါးစိုက်တောင်သူတစ်ဦးက ပြောပြပါတယ်။
ယခင်နှစ်က ထွက်ထားတဲ့ စပါး တစ်တင်းကို ကျပ်တစ်သောင်းကနေ တစ်သောင်း တစ်ထောင်ထိ စပါးကုန်သည်တွေက စျေးအမြင့်ပိုင်းမှာ ပေးဝယ်နေတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
အင်းတော်ကြီး အရှေ့ကမ်း နှင့် အင်းမြှီး ဒေသတွေမှာ ဒီလိုစျေးနှုန်းမြင့်ပြီး ဝယ်ယူနေကြတယ်ဆိုပါတယ်။
“ ဒီမှာက စပါးစျေးက တစ်သောင်း ၊ နမ့်မွန်းမှာက တစ်သောင်းတစ်ထောင်ပေးပြီးဝယ်တယ်။ တောင်သူတွေက ရောင်းစရာတောင်မရှိတော့ဘူး ၊ သူတို့ ကားတစ်စီးမှာ စပါးလေးရာတင်တယ်၊ လေးရာတင်တာဆိုတော့ ဟိုအိမ်မှာ ငါးဆယ်ရတယ်။ ဒီအိမ်မှာ တစ်ရာရတယ်။ အိမ်တွေမှာ လိုက်စုရသေးတယ်။အဲ့လိုမျိုးတွေလေ။ ဟိုတစ်စုဒီတစ်စုတွေပဲရတော့တာတစ်ခါတည်း တစ်ပရိတ်တည်း ကားတစ်စီးဆာမရဘူး။ အရင်ရောင်းထားကြတယ်ဆိုတော့” လို့ ပန်းလားကျေးရွာက တောင်သူတစ်ဦးက ပြောပြပါတယ်။
လာမယ့်လ စပါးပေါ်ချိန်မှာ စျေးနှုန်းတွေ ပြန်လည်ကျဆင်းနိုင်ပြီး တစ်တင်းကို ၇၀၀၀ ကျပ်ဝန်းကျင်သို့ ပြန်ရောက်နိုင်တယ်လို့ ပြောဆိုမှုတွေလည်းရှိပါတယ်။