အင်းတော်ကြီးဒေသမှာစာသင်ကျောင်း၉ကျောင်းသာဖွင့်လှစ်နိုင်မည်

အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အထက စာသင်ကျောင်းကိုတွေ့ရစဉ်

မေ ၂၃ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ စာသင်ကျောင်း  ၅၉ ကျောင်းရှိရာမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ စာသင်ကျောင်း ၉ ကျောင်းသာဖွင့်လှစ်သွားနိုင်မယ်လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

မေလ ၂၂ ရက်နေ့မှာ ကျောင်းအပ်နှံရေးတွေစတင်ပေမယ့် အင်းတော်ကြီးဒေသတွင်းက စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ရေးအတွက် ကျေးရွာ ရပ်မိရပ်ဖတချို့က ပညာရေးဝန်ကြီးဌာနနဲ့ လာရောက်တွေ့ဆုံပြီး ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် လုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ 

“ ကျောင်းကတော့ ၅၉ ကျောင်းရှိတယ် အင်းတော်ကြီးမှာ ၉ ကျောင်းပဲဖွင့်မှာ ။ အဲ့ဒီ ၉ ကျောင်းကလည်း ရွာက အကုန်တာဝန်ယူလာတယ်လေ။ ကျန်တဲ့ ၅၀ ကတော့ မဖွင့်ဘူး ။  သူတို့ရွာကလူတွေ အကုန်တာဝန်လာယူကြတာလေ” လို့ သူကပြောပါတယ်။ 

အင်းတော်ကြီးဒေသမှာ အထကကျောင်း (၁၀) ကျောင်း ၊ အလကျောင်း (၉) ကျောင်း နဲ့ မူလတန်း ၊ မူလတန်းကြိုကျောင်း စုစုပေါင်း ၅၉ ကျောင်းအထိရှိပြီး  နှစ်စဉ် ကျောင်းသား/သူ တစ်သောင်းနီးပါး စာသင်ကြားနေ ကြတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ   အင်းတော်ကြီးဒေသမှာရှိတဲ့ အထကကျောင်း ၈  ကျောင်းနဲ့ အလကျောင်းအားလုံးပါး ပိတ်ထားရမယ့်အခြေအနေတစ်ရပ်လည်းဖြစ်တယ်လို့သိရပါတယ်။ 

အင်းတော်ကြီးဒေသကို ၂၀၂၄ ခုနှစ်အတွင်းမှာ KIA က ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားပြီးနောက်ပိုင်း စာသင်ကျောင်းတွေကိုလည်း နဂိုမူလအတိုင်းပြန်ဖွင့်ခွင့်ပေးခဲ့တယ်လို့သိရပါတယ်။ 

လက်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် KIA က ဦးဆောင်ပြီး ကျောင်းများကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းဆရာ/မ တွေအားလုံး နေရပ်ပြန်နိုင်သလို ၊ CDM ပြုလုပ်ပြီး ကျောင်းတွေမှာ ပညာဆက်သင်ကြားပေးနိုင်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

KIA က ဦးဆောင်ဖွင့်လှစ်မယ့်ကျောင်းအတွက် ဆရာ/မတွေရဲ့ လစာ နဲ့ နေထိုင်စရိတ်တွေကို ကျေးရွာက တာဝန်ယူပေးသွားရမှာဖြစ်တယ်လို့ မေလလည်မှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

ဒီနှစ်မှာပဲ ကျောင်းမဖွင့်နိုင်တဲ့ ကျေးရွာတွေက အထက်တန်းနဲ့ တက္ကသိုလ်ဝင်တန်း တက်ရောက်မယ့်  ကျောင်းသား/သူ အများစုဟာ မိုးညှင်းမြို့ပေါ်ကို ကျောင်းပြောင်းပြီး ပညာဆက်လာသင်ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *