အင်းတော်ကြီးဒေသ လုံးတုံစစ်တပ်ကင်းစခန်းတွင် သွားလာဖြတ်သန်းခွင့် ပိတ်ထား 

ဩဂုတ် ၆ ၊ အင်းတော်ကြီး

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံစစ်တပ်စခန်းမှာ ဒေသခံတွေအပါအဝင် ခရီးသွားလာမှု ဖြတ်သန်းမှုတွေကိုပိတ်ထားတာ တစ်လနီးပါးကြာမြင့်လာနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

အင်းတော်ကြီးမြို့ (ယခင်- လုံးတုံကျေးရွာ) အထွက် ရှေ့တန်းလှုပ်ရှားစခန်းမှာ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတာဖြစ်ပြီးလက်ရှိမှာ ကား၊ဆိုင်ကယ် အစီးရာနှင့်ချီရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

“  လုံးတုံဂိတ်ကပိတ်ထားတာ၊​ဒီကနေ အသွားကတော့ ရတယ်။ ပြန်လာလို့တော့မရဘူး။ အသွားပဲရတာ။ ကုန်တွေလည်းဘာမှ မဝင်တော့ဘူး။ ကြက်ဥတောင်မှ မမြင်ဘူးတော့ဘူးဒီဘက်မှာ” လို့ အင်းတော်ကြီးဒေသခံတစ်ဦးကပြောပါတယ်။ 

ပိတ်မိထားတဲ့ ကားတွေ နဲ့ဆိုင်ကယ်သမားရာနှင့်ချီရှိနေပြီး လုံးတုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှာတည်းခိုနေကြရတယ်လို့သိရပါတယ်။ 

လုံးတုံဂိတ်ဟာ မိုးညှင်း- ဝှေခါ-ဖားကန့် လမ်းပိုင်းပေါ်က  အရေးပါတဲ့ စစ်တပ်စခန်းတစ်ခုဖြစ်သလို ဆယ်စုနှစ်များစွာ တည်ဆောက်ထားတဲ့ ရှေ့တန်းဂိတ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ 

အခုလို လမ်းပိတ်ပင်မှုဟာ  ဖားကန့်မြို့နယ်သို့  ကုန်စည်သွားလာရေးကို ပိတ်ပင်ရေးအတွက် အဓိက ထားလုပ်ဆောင်ခြင်းဖြစ်ကြောင်း လုံးတုံမြို့အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းသို့ ကုန်စည်များဝင်ရောက်နိုင်မည့်လမ်းပိုင်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာကြာမြင့်နေပြီး ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။ 

အခုလို ပိတ်ပင်မှုတွေကြောင့် အင်းတော်ကြီးဒေသရှိ  ကျေးရွာ ဆယ်နှင့်ချီလည်း  လမ်းပိတ်တဲ့ဒဏ်ကို ခံစားကြရပြီး ကုန်စျေးနှုန်းတွေမြင့်တက်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *