အင်းတော်ကြီးမှာ  ပျောက်ကွယ်နေသည့် ငှက်မျိုးစိတ် (၃) ခုအပါအဝင်  ဆောင်းခိုငှက် နှစ်သောင်းကျော် စာရင်းကောက်နိုင်ခဲ့ 

အင်းတော်ကြီးဒေသတွင် တွေ့ရှိရသည့် ဆောင်းခိုငှက်များ/ Photo_ShanNi Voice

ဇန်နဝါရီ ၂၆ ၊ အင်းတော်ကြီး

အင်းတော်ကြီးဒေသမှာ ယခုနှစ်အတွင်း ဆောင်းခိုငှက်  နဲ့ဒေသရင်းရေပျော်ငှက် အကောင်ရေစုစုပေါင်း (၂၄၁၇၇) ကို စာရင်းကောက်ယူနိုင်ခဲ့တယ်လို့ အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရပါတယ်။

ဇန်နဝါရီလဆန်းပိုင်းမှာ အာရှရေပျော်ငှက်စာရင်းကောက်ယူမှုတွေကိုပြုလုပ်ခဲ့ပြီး အဲ့ဒီမှာ ရှားပါးဆောင်းခိုငှက်မျိုးစိတ် (၂၉ )မျိုး၊ ဒေသရင်း ရေပျော်ငှက်မျိုးစိတ် (၁၇) မျိုး ကို ကောက်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ 

ငှက်မျိုးစိတ် စုစုပေါင်း (၃၆) မျိုးရှိပြီး  ယခင်နှစ်တွေက မတွေ့ရတဲ့ စက္ကဝက် (၄)ကောင်၊ ငှက်နှုတ်သီးလန် (၃)ကောင်နဲ့ ဒီလုံးရင်ညို (၆) ကောင်ကိုလည်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

မနှစ်ကနဲ့နှိုင်းယှဉ်မယ်ဆိုရင် ငှက်မျိုးစိတ်အရေအတွက်တွေ့ရှိမှု ပိုများလာခဲ့ပြီး အာဏာမသိမ်းခင်နှစ်အစောပိုင်းတွေနဲ့ နှိုင်းယှဉ်ပါက ငှက်အကောင်ရေလျော့နည်းနေပါသေးတယ်။ 

ဆောင်းရာသီမှာ ရွေ့ပြောင်းတံငါသည်တွေက ငါးတွေအပြင် လာရောက်ဆောင်းခိုကြတဲ့ ငှက်တွေကိုပါဖမ်းပြီး စီးပွားဖြစ်ရောင်းချမှုတွေရှိနေတာကြောင့်မို့ တချို့မျိုးစိတ်တွေမရှိမှုနဲ့ အကောင်ရေလျော့ကျလာမှုတွေကိုဖြစ်စေတာလို့ အင်းတော်ကြီးဒေသခံတွေက ဆိုကြပါတယ်။ 

အာရှရေပျော်ငှက်စာရင်းကောက်ယူမှုကို အာရှတိုက်ရှိ နိုင်ငံအသီးသီးကလည်း ၎င်းတို့ဒေသအလိုက် တစ်ချိန်တည်းကောက်ယူမှုပြုကြပါတယ်။

အင်းတော်ကြီးကန်က ရမ်ဆာရေတိမ်ဒေသအဖြစ် (၂၀၁၆) ခုနှစ် ဖေဖော်ဝါရီလ တွင် သတ်မှတ်ခြင်းခံခဲ့ရသလို UNESCO ရဲ့ Man and Biosphere  Reserve ဒေသအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *