ဖေဖော်ဝါရီ၂၃၊အင်းတော်ကြီး
အင်းတော်ကြီးဒေသရှိ ရွှေမဉ္ဇူရေလည်ဘုရား (၁၅၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို လာမယ့်တပေါင်းလမှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲပျော်ရွှင်ပွဲတွေမပါဝင်ပဲ ကျင်းပသွားမှာဖြစ်တယ်လို့ ဘုရားဂေါပကတွေဆီကနေ သိရပါတယ်။
အင်းတော်ကြီးရေလည်ဘုရားပွဲတော်ကို တပေါင်းလတိုင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၁ ၊ ၂၀၂၂ ခုနှစ်တွေမှာ ပွဲတော်ကို ရပ်နားခဲ့တာလည်းဖြစ်ပါတယ်။
“ အင်းတော်ကြီးဘုရားပွဲက အရင်ကလိုဘုရားပွဲကြီးတော့ မဖြစ်ဘူးပေါ့နော် ဘုရားပွဲကပျက်ခဲ့တာက ၂၀၂၀ ၁၅၂ ကြိမ်နဲ့ ၁၅၃ကြိမ်မှာ ပျက်ခဲ့တာပေါ့နော် အခုက၁၅၄ကြိမ်မြောက်ပေါ့ ဘုရားပွဲမဖြစ်ခဲ့ပေမယ့် နှစ်စဉ်ထုံးစံမပျက် အနေကဇာတင်ယူပွဲကို နှစ်တိုင်းလုပ်တယ် ဘုရားပွဲလိုပဲ ဇာတ်မပါတာကလွဲရင် ဘုရားမှာ အလှူခံဌာနတွေဘာတွေ အကုန်လုံးစီစဉ်ထားတယ်” လို့ ဘုရားဂေါပက ဦးသောင်းညွှန့်က ဆိုပါတယ်။
ဘုရားပွဲမတိုင်ခင် ပဌာန်းပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ပဌာန်းပိတ်ပွဲနှင့် ဘုရားပွဲ ဖွင့်ပွဲကို တပေါင်းလဆန်း (၈) ရက်နေ့မှာ အင်းတော်ကြီး အင်းဘေးဝဲယာက ဆရာတော်များ၊ အုပ်ချုပ်ရေးမှူးများ ၊ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွေနဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
နှစ်တိုင်းပြုလုပ်နေကြ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်း ဖွင့်ပွဲနေ့မှာ တစ်ပါတည်းပြုလုပ်သွားမှာဖြစ်တယ်လို့ ဦးသောင်းညွှန့်ကဆိုပါတယ်။
“ ကျမတို့ကတော့ ဆွမ်းဆန်စိမ်းလောင်းတဲ့ ဘုရားဖွင့်ရက်နေ့မှာ ရှမ်းနီအက အိုးစည်မောင်းနဲ့ သွားပူးပေါင်းမှာပေါ့နော် ရှမ်းနီလူငယ်အကအဖွဲ့တွေနဲ့ပေါ့ ကလေးတွေနဲ့ အမှိုက်သိမ်းဆည်း လှည်းကျင်းသန့်ရှင်းရေးလုပ်တာတွေ သွားလုပ်ဖို့လဲ အစီအစဉ်ဆွဲထားကြပါတယ်” လို့ အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအကအဖွဲ့က ခေါင်းဆောင် ဒေါ်ညွှန့်ရီက ပြောပါတယ်။
အင်းတော်ကြီးဘုရားပွဲတော်ကို ဒေသတွင်း နဲ့ မြန်မာနိုင်ငံကအနှံ့အပြားက ခရီးသွားတွေက သိန်းနှင့်ချီ လာရောက်ဆင်နွဲကြတဲ့ ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။