ဩဂုတ်၁၅၊အင်းတော်ကြီး
အင်းတော်ကြီးအိုင် ရေလည်ဘုရားအနီးမှာ ငါးလပိ ငါးအမျိုးအစားတစ်မျိုးတည်းသာ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းကစပြီး အစိုလိုက်အပြုံလိုက်သေဆုံးနေတယ်လို့ ဘုရားဂေါပကတွေဆီကနေ သိရပါတယ်။
“ သေတာကတော့ ဘယ်လိုတွေကြောင့်သေတာလည်းတော့မသိဘူး၊ ငါးလပိဆိုတဲ့ ငါးတစ်မျိုးတည်းပဲ သေတာကွ ၊ သေတာကလည်း ဘုရားနားပတ်ချာလည်ပဲ၊ ဒီလောက်ကောက်နေတာတောင်ပြန်ပေါ်လာတာပဲ။ ဒီနားမှာ ကလေးတွေလျှောက်ကောက်တာတောင် အချိန်တစ်ဆယ်နှစ်ဆယ်ရှိသွားပြီ ၊ မြစ်ထမ်းရှမ်းခြင်းကြားတောင် နှစ်လုံးသုံးလုံးရှိသွားပြီ ” လို့ ဘုရားဂေါပက တစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ၁၄ ရက်ညကတည်းက ငါးလပိငါးတချို့ သေဆုံးမှုရှိခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာမှ ဘုရားရင်ပြင်အနီးနာ အများအပြား သေဆုံးမျှောနေတာကို တွေ့ရှိရကြောင်း သိရပါတယ်။
အခုလို သေဆုံးမှုကို တံငါးသည်တွေက ရေပုတ်ကြောင့် သေဆုံးတာဖြစ်တယ်လို့ ယူဆထားကြပါတယ်။
ငါးလပိငါးတွေသည် အင်းတော်ကြီးရေလည်ဘုရားအနီးမှာ ကျင်လည်ကျက်စားလေ့မရှိတဲ့ ငါးအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။
ငါးလပိငါးအမျိုးအစားများသည် အင်းတော်ကြီးကန်အတွင်းမှာ နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီဖြစ်တဲ့ နတ်တော်-ပြာသိုလထဲမှာ သေဆုံးလေ့ရှိပါတယ်။
ဆောင်းရာသီမှာ ငါးလပိငါးများသေဆုံးမှုကို ရှေးအယူအဆအရ နတ်ဆေးခတ်မှုကြောင့် သေဆုံးကြတာလို့ ယူဆကြပါတယ်။
အင်းတော်ကြီးကန်အတွင်းက ငါးမျိုးစိတ်ပေါင်း တစ်ရာကျော်တွေ့ရပြီး အင်းတော်ကြီးကန်အတွင်းသာ တွေ့ရနိုင်သည့် ငါးမျိုးစိတ် (၇) မျိုးရှိပါတယ်။